ကျွန်မ မေမေက
တစ်ခါပြောဖူးပါတယ်… generation ဆိုတာ တစ်ဆက်ပြီးတစ်ဆက် ကြိုးစားပြီး မြှင့်တင်လာရတယ်
လို့ပြောပါတယ်… ဒါဘာကိုပြောတာလဲ မေမေဆိုတော့ ဥပမာ.. အဖေကြီး သမီးရဲ့ အဘိုးတို့က လယ်သမားမျိုးရိုးပေါ့…
နယ်မှာနေထိုင်လယ်လုပ်တဲ့မိသားစုကနေ အဖိုးဟာ တပ်မတော်ထဲ ၀င်ခဲ့တယ်… အခြားဆင့်ကနေ စတင်ပြီးအရာရှိဖြစ်အောင်ကြိုးစားခဲ့တယ်…
သူကိုယ်တိုင်က ဘွဲ့မရ တက္ကသိုလ် ကျောင်းသား မဟုတ်ခဲ့ပေမယ့် ပညာရေးကို တန်ဖိုးထားတယ်
မေမေတို့ မောင်နှမ လေးယောက်လုံးကို ဘွဲ့ရအောင် ကျောင်းထားပေး နိုင်ခဲ့တယ်… မေမေကလည်းကြိုးစားပြီး
ငါ့သမီးလေးကို ပြုစုပျိုးထောင်ပေးမှာပေါ့တဲ့….
အခုတော့ အဖေကြီးလည်းမရှိတော့
မေမေတို့မောင်နှမတွေလည်း နိုင်ငံ့တာဝန်ကို နှစ်ပေါင်းများစွာ ဆောင်ရွက်လာကြ.. ပင်စင်ယူသူတွေလည်းယူကုန်ပြီ…
တစ်ခါတလေတော့ စဉ်းစားမိတယ်… ကျွန်မကရော မျိုးဆက်တစ်ခုမှ လူတစ်ယောက်အနေနဲ့ ဘယ်လောက်တာဝန်ကျေနိုင်မလဲ..
ကျွန်မရဲ့မျိုးဆက်ကိုရော ဘယ်လောက်မြှင့်တင်ပေးနိုင်မလဲ.. ထိုအတွေးတွေ ၀င်လာချိန်မှာတော့
သက်ပြင်းမောဖြစ်သာ အဆုံးသတ်သွားတတ်ပါသည်။
အဖေကြီးရဲ့လစာ
က မေမေတို့တွေ ကျောင်းထားနိုင်တဲ့ အပြင် ခြိုးခြံချွေတာပြီး သုံးတတ်တဲ့ အဘွား (အမေကြီး)
ဟာ ရွှေတိုရွှေစလေးတွေတောင် စုနိုင်တယ်လို့ပြောပါတယ်.. ကျောင်းစရိတ်အပြင် ကျူရှင်ခတွေဘာတွေလည်း
ကုန်စရာမရှိ အကျီ လုံခြည်ဆိုတာလည်း အဆန်းတွေ ၀တ်စရာ မလို.. မုန့်ပဲသရေစာဆိုတာလည်း
မေမေတို့မောင်နှမတွေက အမေကြီးလက်ဖြစ် မုန့်များကိုသာ မက်မက်မောမော စားခဲ့သည်ဖြစ်ရာ
အဖေကြီးတို့ အမေကြီးတို့ဟာ သားသမီးလေးယောက်ကိုတင် မက ညီ၊ ညီမများရဲ့ သားသမီးများထဲမှ
ပညာလိုလားသူများကိုပင် အိမ်မှာခေါ်ထား မေမေတို့နဲ့ အတူကျောင်းတက်စေတယ်လို့ သိရတယ်..
မေမေတို့ငယ်ငယ်တုန်းက
အဖေကြီးဟာ အရမ်းလည်းစည်းကမ်းတင်းကျပ်ပြီး ဒေါသလည်း တစ်အားကြီးဆိုပါဘဲ… အမေကြီးရောဘာထူးလဲ
ကျွန်မအရမ်းချစ်ပြီး သဘောလည်း အရမ်းကောင်းတယ်လို့ ထင်တဲ့ ဖြူဖြူပုံ့ပုံ့ကျွန်မအဘွားက
ငယ်ငယ်က ကြိမ်လုံးတွေကို အတိုတစ်မျိုး အရှည်တစ်မျိုး ကိုင်တတ်သူပါတဲ့.. မေမေတို့ငယ်ငယ်က
ညဘက်တွေဆို အဘွားရဲ့မျက်စိအောက်မှာ စာကျက်ကြရတယ်.. စားပွဲခုံကြီးချ မောင်နှမလေးယောက်စာကျက်နေရင်
အမေကြီးက ကုလားထိုင်မြင့်မြင့်ပေါ်မှာ ထိုင်ပြီးကြည့်နေတယ်… တစ်ယောက်ယောက် အိပ်ငိုက်ပြီဆိုလို့ကတော့
ဝေးတဲ့နေရာက လူကို ကြိမ်လုံးရှည်ရှည်နဲ့ လှမ်းတို့ နီးတဲ့နေရာက လူကို ကြိမ်လုံးတိုတိုနဲ့
လှမ်းတို့သတဲ့… မေ့မေ့မောင်အငယ်ဆုံး ကျွန်မ ဦးလေးဖြစ်သူကတော့ ပြောတယ်.. သူငယ်ငယ်က
ကျောင်းပြေးတာ အဖေကြီးသိသွားလို့ ဓားဆွဲပြီး လိုက်တာ ကျွန်မ ဦးလေးမှာ တစ်မြို့လုံးပတ်ပြေးရတာ
လွိုင်ကော်မြို့မှာ ၀က်ဝက်ကွဲလို့ပြောပါတယ်.. အဖေကြီးဟာ.. မေမေတို့ ကျွန်မ အဒေါ်တို့
အပျိုရွယ်ကျပြန်တော့လည်း အိမ်လာလည်တဲ့ ကာလသားများကို ဘုနဲ့ဘောက်လုပ်လွှတ်တတ်သူပါတဲ့…
သားသမီးများဖြစ်တဲ့
မေမေတို့ တွေတင်ဘယ်ကမလဲ မြေးဖြစ်တဲ့ ကျွန်မ လည်းအဆူခံဖူးတာပေါ့.. မှတ်မိနေပါသေးတယ်…
ကျွန်မငယ်ငယ် ကျောင်းနေခါနီး အရွယ်ဖြစ်မယ်ထင်ပါတယ်… အဖေကြီးနဲ့ ညနေဘက်လမ်းလျှောက်လိုက်သွားခဲ့တယ်…
တော်တော်ဝေးတဲ့နေရာအထိ လျှောက်ကြတာပါ… အပြန်ကျတော့ ကျွန်မမောလည်းမောပြီး ဗိုက်ဆာနေပါပြီ… အဲဒီမှာ အကြော်ဆိုင်လေး
တစ်ဆိုင်တွေ့ပါလေရော.. လွိုင်ကော်မြို့ရဲ့ ညချမ်းက အေးကအေး မြေးအဘိုး နှစ်ယောက်လုံး
အကြော်ပူပူလေးတွေစားချင်ကြတာပေါ့.. အကြော်ဆိုင်က လမ်ေးဘးမှာ မီးဖိုလေးချ ဗန်းကြီးထဲ
အကြော်တွေထည့်ပြီးရောင်းနေတာပါ.. အကြော်ပူပူတွေ အိမ်ကိုဝယ်သွားစားကြမယ်ပေါ့… တစ်အိမ်သားလုံးစားဖို့
အကြော်တွေ ၀ယ်ရင်းအဖေကြီးဟာ အကြော်သည် အဒေါ်ကြီးနဲ့ စကားတွေ ကောင်းနေခဲ့ပါတယ်…အကြော်ပူပူကို
ဖက်နဲ့ထုပ်ပြီး နှီးကြိုးနဲ့စည်းပေးပါတယ်… ဖက်က ဘာဖက်မှန်းကျွန်မ မသိပါ… ဒါပေမယ့်
အကြော်ပူပူကိုဖက်နဲ့ထုပ်လိုက်တဲ့အချိန်မှာ ဖက်ဆီကနေ ထွက်လာတဲ့ အနံ့မွှေးမွှေးက ကျွန်မကို
ဗိုက်ပိုဆာစေပါတယ်… အဖေကြီးလည်း စကားတွေကောင်းနေတာ… ကျွန်မ လက်လှမ်းကုပ်ပြီး အကြော်ထုပ်လှမ်းယူတော့
အသာတကြည်ဘဲပေးပါတယ်… ပြန်တော့မယ်နော်လို့ခပ်တိုးတိုးပြောပြီးတော့ ကျွန်မဟာ အကြော်ထုပ်ကြီးပိုက်ပြီး
အိမ်ပြန်ခဲ့ပါတော့တယ်.. အပြန်လမ်းက အနည်းငယ်ဝေးနေသေးပေမယ့် ကံကောင်းစွာဘဲ မှတ်မိနေပြီး
အိမ်ကိုချောချောမောမောရောက်သွားလို့ပေါ့… အိမ်ပြန်ရောက်တော့ အိမ်ကလူတွေက အံ့သြလို့
နင့်အဘိုးရောတဲ့… အကြော်သည်နဲ့စကားပြောရင်း ကျန်ခဲ့တယ် ဆိုတော့ အိမ်ကလူတွေက တဖြစ်တောက်တောက်ပေါ့
…ဖေဖေတို့များ အံ့သြပါရဲ့ ကလေးတစ်ယောက်တည်း ပြန်လွှတ်လိုက်တယ်ပေါ့… အဘိုးအတွက် ဦးချထားပြီး
မစောင့်နိုင်တဲ့ အဆုံးအိမ်ကလူတွေလည်း အကြော်တွေစားနေကြတယ်… အဖေကြီးကတော့ ၇ နာရီလည်းပြန်မရောက်
၈ နာရီလည်းပြန်မရောက်.. အိမ်ကလူတွေကလည်း ကြာတော့ ဟဲ့ နင့်အဖိုးကို ပြန်တော့မယ်ဆိုတာ
သေချာပြောခဲ့ရဲ့လားတဲ့… အင်းပြောခဲ့ပါတယ်ဆိုတော့ အိမ်ကလူတွေကလည်း ဘယ်များသွားနေလဲ ပေါ့…
ည ၉ နာရီလောက်ကျတော့ အဖေကြီးပြန်ရောက်လာတယ်… ဘယ်ပြောကောင်းမလဲ ကျွန်မကိုလည်းတွေ့ရော
ဒေါသတွေဖြစ်လိုက်တာ ဆိုတာ.. အရိုက်မခံရတာ ကံကောင်း… သူက ကျွန်မပြောတာမကြားဘူး… အကြော်ထုပ်တောင်းတော့လည်း
နှိုက်စားချင်လို့တောင်းတယ်သာ ထင်တာတဲ့… စကားပြောပြီးလှည့်ကြည့်တော့ ကျွန်မမရှိတော့
လိုက်ရှာနေခဲ့တာ… အဲဒီတုန်းက ဖုန်းတွေလည်း လွိုင်ကော်မြို့မှာ ဆက်ဖို့မလွယ်သေး… မိုဘိုင်းလ်ဖုန်းလည်းမရှိတော့ခက်သားလားနော်…
အဲဒီနေ့ညက တော့ အဖေကြီးဟာ စိတ်ဆိုးပြီး အစောကြီး အိပ်သွားခဲ့တယ်… အကြော်တွေလည်းမစားတော့ဘူး…
No comments:
Post a Comment