Tuesday, September 4, 2012

ရန်ကင်းကအိမ်

အိမ်ပြန်ချင်နဲ့စိတ်ကြောင့်ထင်တယ်... ခုတစ်လော အိမ်ကိုခဏခဏ အိပ်မက်မက်တယ်...
လွန်ခဲ့တဲ့ ငါးနှစ်လောက်က စပြီးအိမ်မှာ ကောင်းကောင်းမနေရဘူး... မာစတာသီးစစ် တုန်းကတော့ အိမ်မှာကောင်းကောင်းမနေရ... အိမ်မှာ ရှိတဲ့ အချိန်လည်း အိမ်ကိုဒုက္ခပေးနေတာ အများသားလားနော်... အိမ်က မေမေ ဆိုတာ ငွေကြေးလည်းထောက်ပံ့ရ... မအောင်မြင်တဲ့ ပထမအကြိမ် third seminar အတွက် တစ်ငိုငို ဖြစ်နေသေးဆိုတော့ စိတ်ဓာတ်ရေးရာလည်း အားပေးရ... နောက်တော့ camp ထဲလည်းရောက်သွားရော... အိမ်ကလူတွေခဏတော့ နားအေးသက်သာမယ်ထင်တယ်.... camp ထဲရောက်တော့ အိမ်ကိုလွမ်းတဲ့ စတော့တာဘဲနော်... စာမေးပွဲဖြေခါနီး ချောင်းတွေဆိုးနေမကောင်းဖြစ်တော့ အားတွေငယ်ပြီး မေမေ့လှမ်းဖုန်းဆက်... ပြန်လာတော့မယ်ဆိုပြိး ငိုလိုက်ရတာ... ခုတော့ အဲဒါတွေကျော်ဖြတ်ခဲ့ပါတယ်လေ... အရင်က စနေနေ့မနက် အိမ်ပြန်လို့ရပြီဆိုတာနဲ့ မျက်နှာတောင် မသစ်ဘူး... ဘယ်လောက်ဆိုးလဲဆို... အဆောင်အောက်ဆင်း ကားဌားပြီး အိမ်ပြန်... စနေတနင်္ဂနွေ မေမေချက်ကျွေးတဲ့ ဟင်းတွေ စား စာထိုင်လုပ်.. အမေကို ကူညီတယ်ဆိုတာရှားသားလားနော်... ဒါပေမယ့် အဲဒီထဲက တစ်ခါတစ်လေ အိပ်မက်တွေမက်သား... ညဘက်ကြီး အိမ်ပြန်လာတာတဲ့...အိပ်မက်ထဲမှာ... မီးတွေပျက်နေတာမှ ပိန်းပိတ်အောင်မှောင်နေတော့တာဘဲ... အိမ်ပြန်လာတဲ့ လမ်းကြီးက ရှည်လိုက်တာ... ကားတွေလည်းမှားစီးသေးတယ်.... ရောက်လာတော့လည်း တစ်ရပ်ကွက်လုံး ပိန်းပိတ်အောင် မှောင်လို့လေ... နောက်တော့ ကြိုးစားပြီး လျှောက်လာရင်း လေးထပ်က တိုက်ခန်းလေးဆီ မော့ကြည့်တော့ ဖယောင်းတိုင်မီးလေး လင်းနေတယ်... မေမေရှိနေမှာ ဆိုတဲ့ အတွေးနဲ့ အပြေးလေးတက်လာတာ... လှေကားက အရမ်းမှောင်တော့ ကြောက်နေမိတယ်....  လှေကားတွေက ကြာလိုက်တာတက်ရတာ... နောက်တော့ လှေကားကိုတက်ရင်းနဲ့ ဘဲ အိပ်မက်ကနိုးလာရော... ခုလည်း တစ်ခါတစ်လေ နာဂိုယာ ဆေးရုံရှေ့က မှောင်နေတဲ့လမ်းကနေ ညဘက်တွေ တစ်ယောက်တည်း ပြန်လာမိတဲ့ အချိန်တိုင်း အဲလို အိပ်မက်တွေ ကို သတိရမိတယ်... အိမ်ကိုပြန်ချင်တဲ့ စိတ်က အရမ်းပါဘဲ.. အရင်က စနေနေ့မနက် အိမ်ပြန်ချင်လို့ မနက်အစောကြီးတွေ ထပြန်လာရင်မေမေက တံခါးဖွင့်ပြီးစောင့်နေ... ဒီနေ့ဘာစားချင်လဲ... ရော့ပိုက်ဆံ.. စားချင်တာတွေချက်ပေးမယ်.. ဈေးတော့သွားပေးဦးနော်တဲ့.. တစ်ခါတစ်လေ.. ဆူဆူအောင့်အောင့်နဲ့ မေမေကလည်း လှေကားကြီးတက်ရတာ မောတဲ့ဟာကို ဈေးကသွားရဦးမယ် ဆိုပြီး ဆူဆူအောင့်အောင့်နဲ့... ခုတော့ ဈေးခြင်းလေးဆွဲပြီး ရန်ကင်းဈေးလမ်းလေး လျှောက်ချင်တယ်.. အခြောက်လိုလိုအသံချွဲချွဲနဲ့ ဟင်းရွက်ရောင်းတဲ့ဦးလေးကြီးဆီမှာ အသီးအရွက်တွေ ၀ယ်မယ်.. သူက အများကြီး အပိုပေးတယ်လေ... ချဉ်ပေါင်ရွက်ဝယ်ရင် ခြွေပြီးမှ အိမ်ပေါ်လာပို့ပေးတယ်... ဈေးဆောင်တွေထဲထိလျှောက်ရတာပျင်းလို့ အိမ်နဲ့ မလှမ်းမကမ်း သစ်ပင်ကြီးနှစ်ပင်ကြားက ပုစွန်သည်ကြီးဆီမှာ ပုစွန်ဝယ်မယ်... နောက်တစ်နှစ် နှစ်နှစ် သုံးနှစ် အားတင်းပြီးကျော်ဖြတ်ရဦးမယ်လေ.... ညနေက မေမေ့ဆီ ဖုန်းတစ်ကဒ်လုံးကုန်အောင်ဆက်ပစ်လိုက်တာပေါ့... မေမေက စာကြိုးစားနော်တဲ့... ဆရာနဲ့လည်းတည့်အောင်နေတဲ့.... မြန်မာတွေ ညံ့တယ်လို့ ကိုယ့်ကြောင့် မဖြစ်စေနဲ့နော်တဲ့... ငါ့သမီးလေးကြိုးစားအောင်မြင်တယ်ဆိုမှ မေမေက လွမ်းရကျိုးနပ်မှာတဲ့... ဟုတ်ကဲ့လို့ပြောရင်း နောက်သုံးနှစ်ကျော် မေမေ့ကို ဈေးဝယ်ပေးနိုင်မယ့် အချိန်လေး.... မေမေနဲ့ မီးဖိုထဲမှာ ၀ိုင်းကူလုပ်ပေးနိုင်မယ့်အချိန်လေးကို မျှော်လင့်ရင်း....

3 comments:

  1. ရောက်တတ်ရာရာလေးအားပေးသွားပါတယ် ။

    ReplyDelete
  2. လာလည်သွားပါတယ်အမ...အဝေးရောက်နေပေမယ့်အားတင်းပါနော်..အမကနေရာတစ်နေရာပိုင်ပိုင်နိုင်နိုင်ရနေပါပြီ
    :)

    ReplyDelete