Saturday, August 18, 2012

အဖေကြီး (၁)



ငယ်ငယ်လေးတည်းက သူများတွေက အဘိုးနဲ့အဘွားဘယ်သူ့ချစ်လဲဆိုရင် အဘွားချစ်တယ်လို့ အမြဲဖြေခဲ့တာ..အဘွားက အမြဲအလိုလိုက်အလျော့ပေးပြီး အဘိုးက တော့ စည်းကမ်းတင်းကျပ်.. သားသမီးတွေကြားထဲမှာ အဘိုးဟာ တစ်ဘက်စွန်းရောက်တယ်လို့ ခဏခဏအပြောခံရတဲ့ လူဆိုးကြီးဖြစ်ခဲ့တာကြောင့်များလား….
ဒါပေမယ့် အဘိုးမရှိတော့တဲ့နောက်ပိုင်းမှာ ကျွန်မဟာ ခဏခဏ အိပ်မက် မက်နေခဲ့ပြီး အဘိုးဆုံးမခဲ့တာတွေဟာ ကျွန်မတစ်ဘ၀လုံးလိုက်နာကျင့်သုံးနေတာတွေဖြစ်တော့တယ်.. အဘိုးကို ခဏခဏသတိရမိနေတတ်ပြီး ၀မ်းနည်းနေတတ်ခဲ့တယ်…
ကျွန်မဟာ အဘိုးကို အဖေကြီးလို့ခေါ်ပြီး အဘွားကို အမေကြီးလို့ခေါ်ခဲ့တယ်…
အဖေကြီးအကြောင်းတွေးမိတိုင်း ပထမဆုံးသတိရနေမိတတ်တာက မနက်ခင်းလေးနာရီခွဲလောက်မှာ ကြားရတဲ့ ကြေးစည်သံဖြစ်မယ်.. အမှန်အတိုင်းပြောရရင် ကလေးဘ၀ အအိပ်ကလည်းမက်တာမို့ နံနက်စောစော အိပ်ကောင်းနေတုန်းမှာကြားရတဲ့ အဲဒီကြေးစည်သံဟာ ကျွန်မအတွက်တော့ ကြည်နူးစရာမဖြစ်ခဲ့တာ အမှန်ပါ… အဖေကြီးဟာ မနက်ဆို (၃) နာရီကြီးထပြီး အမြဲဘုရားရှိခိုးပါတယ်… ၄း၃၀ လောက်ဆိုရင် အဖေကြီး ကြေးစည်တီးပြီပေါ့… ကျွန်မတို့ကျန်တဲ့ အိမ်သားတွေကတော့ ခဏတော့ နိုးသွားတတ်ကြပြီး ပြန်အိပ်ပျော်သွားကြတာမျိုးပါ.. ကျွန်မတို့ရန်ကင်းတိုက်ခန်းလေးရဲ့ အနောက်ဘက် ပြတင်းပေါက်က လှမ်းကြည့်ရင်ဈေးကိုမြင်နေရတယ်.. မနက်  ငါးနာရီလောက် စောစောထဖြစ်တဲ့ မနက်တွေမှာ ဈေးသည်တွေ မနက်ခင်း ဈေးရောင်းဖို့ပြင်နေကြတဲ့ အသံတွေ ကြားရပြီ… အဖေကြီးဟာ ကြေးပုတီး အကြီးကြီးကို ချောက်ချက်ချောက်ချက် နဲ့ မနက် (၆) နာရီ မထိုးခင်ထိစိပ်နေတတ်တယ်.. ပုတီးစမစိပ်ခင်ထဲက ထမင်းအိုးတည်ထားပြီးပြီ.. ရေနွေးအိုးတည်ထားပြီးပြီ…
ခြောက် နာရီထိုးရင်တော့ အရင်ဆုံးကျွန်မကို စခေါ်တော့တယ်… ကျွန်မ အိပ်တဲ့ အခန်းဝ နားလေးမှာ ကလကာ လေး အသာလှပ်ပြီး ပစောက်ရေ.. ပစောက်ရေ.. ကျွန်မကို နှိုးနေမှန်းသိရက်နဲ့ မကြားချင်ယောင်ဆောင်ပြီး ဆက်အိပ်တဲ့အခါ… ပစောက်..ပေါက်စရေ.. ဘာစားမလဲဟေ့ လို့ မေးတတ်တယ်..ကျွန်မလည်း အိပ်ချင်မူးတူးနဲ့ မုန့်ဟင်းခါး ပဲကြော် ဘဲဥ တစ်ခြမ်း …ဘဲဥက အိုးဘဲဥ ဟုတ်ဘူး ရိုးရိုးဘဲဥ လို့ အမြဲဖြေတတ်ပါတယ်… တစ်ခါတစ်ရံ ကျွန်မရဲ့ ၀မ်းကွဲညီမလေးနှစ်ယောက် ရန်ကင်းမှာ လာအိပ်ရင်တော့ အဘိုးဟာ မနက်ဆို ပစောက်ဖဦးထုပ် ဘလချိုက်တို့ရေ ဘာစားမလဲဟေ့လို့ မေးတတ်ပါတယ်..
ဈေးက အိမ်နဲ့နီးနီးလေးပါ.. အဖေကြီးကိုမသိတဲ့ဈေးသည်မရှိပါဘူး… အဘကြည်လို့ခေါ်ကြတယ်.. အဖေကြီးဟာ အိမ်သူအိမ်သားတွေအတွက် မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ၊ ကောက်ညှင်းပေါင်းစသည်ဖြင့် ၀ယ်တတ်ပေမယ့် သူကိုယ်တိုင်ကတော့ ပဲပြုတ်ထမင်းနယ်ကိုသာ စွဲစွဲမြဲမြဲ စားတတ်သူပါ… အဖေကြီးဈေးပြန်ရောက်တဲ့ အချိန်ဆို များသောအားဖြင့် ကျွန်မကတော့ မျက်နှာသစ်တုန်း   ရှိတတ်ပါတယ်..
ဈေးကနေ၀ယ်လာတဲ့ ဟင်းတွေကို အဖေကြီး ပြန်လာရင် ကျွန်မ မေမေ အဖေကြီးရဲ့ သမီးအကြီးဆုံးက ချက်ပါတယ်… တစ်ခါတစ်လေလည်း ရေခဲသေတ္တာထဲမှာ အသား၊ငါးတွေရှိနေရင် နံနက်အစောကြီးထဲက အဖေကြီးကိုယ်တိုင်ချက်ပြုတ်ထားပါတယ်.. ဟင်းစားဝယ်စရာ ရှိရှိ၊ မရှိရှိ အဖေကြီးဟာ ဈေးကိုတော့ အမြဲသွားပါတယ်..
အမေကြီးရှိတုန်းကတော့ အဖေကြီးဟာ အထီးကျန်သိပ်ဆန်ခဲ့မှာ မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်..သားသမီးမြေးတွေက မနက် ၈း၃၀ လောက်ကျ ရုံးသွားသူသွား၊ ကျောင်းသွားသူသွား အဲဒီအချိန်ကြရင်တော့ အဖေကြီး အမြဲတစ်ရေးပြန်အိပ်လေ့ရှိတယ်… တယ်လီဖုန်းတွေ မပေါ်ခင်ကတော့ အဖေကြီးဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့မယ်ထင်တယ်… အိမ်မှာ ကြိုးဖုန်းတပ်လိုက်တဲ့ အချိန်ကစပြီး အဖေကြီး ဒုက္ခရောက်ပါတော့တယ်.. ဖုန်းမြည်သံကြားရင် ကိုင်ရမှ တာဝန်ကျေတယ်လို့ထင်တဲ့ ကျွန်မရဲ့ အဖိုးဟာ အိပ်နေရာကထပြီး အိမ်ရှေ့ခန်းကိုထွက်လာ ဖုန်းကိုင်ပါတယ်… ကံဆိုးတာတစ်ခုက ကျွန်မတို့အိမ်ရဲ့ ဖုန်းနံပါတ်ဟာ သွင်အဆင့်မြင့် ရုပ်ရှင်ရုံရဲ့ ဖုန်းနဲ့ တစ်လုံးဘဲကွာတယ်လေ.. နေ့စဉ် အနည်းဆုံး သုံးခေါက်လောက် ဖုန်းမှားကြတာပေါ့…  ဖုန်းကိုင်လိုက်တယ်ဆိုရင်ဘဲ အစ်မရေ ဒီနေ့ဘာကားတင်လဲဆိုတာ ကို အမြဲကြားရလေ့ရှိတယ်… စနေတနင်္ဂနွေ ပိတ်ရက်တွေဆိုရင်တော့ ဒီဒဏ်ကို ကျွန်မခံရတာပေါ့…
နေ့လည် ၁၁ နာရီလောက်ဆိုရင်တော့ အဖေကြီး အိပ်ယာပြန်ထပြီးရေချိုးထမင်းစား လုပ်ပါတယ်.. ပြီးရင်တော့ ၀ရန်တာမှာ ပက်လက်ကုလားထိုင်လေးခင်း ရေဒီယိုလေးဖွင့် စာဖတ်ပါတော့တယ်… စာဖတ်လို့မျက်စိညောင်းလာတဲ့ အခါ… ပုတီးပြန်စိတ်ပါတယ်… အိမ်မှာ အစောဆုံးပြန်ရောက်တာ ညနေ ၃ နာရီကျောင်းဆင်းတဲ့ ကျွန်မပါ… ကျွန်မ ကျောင်းကပြန်ရောက်ရင် ဖေကြီး ဘာမုန့်ရှိလဲလို့ အမြဲ မေးတတ်ပါတယ်.. မေးလိုက်တိုင်းလည်း ကျွန်မအတွက် မုန့်တစ်မျိုး မဟုတ် တစ်မျိုး အမြဲရှိတတ်ပါတယ်.. တစ်ခါတစ်လေမှာ ဆီထမင်း… တစ်ခါတစ်လေ တော့လည်း အိမ်ရှေ့မှာ ခေါင်းရွက်ဗျက်ထိုး အော်ရောင်းတဲ့ မုန့်လက်ကောက် ရွှေရင်အေးစသည်ဖြင့် ၀ယ်ထားတတ်ပါတယ်… ဒါပေမယ့် ဒီလိုအိမ်မှာဘယ်သူမှ မရှိတုန်း ဈေးသည်တွေခေါ်ခေါ်ဝယ်တာကို မေမေတို့သားသမီးများက မကြိုက်ပါဘူး… အဖေနော်… အဘိုးကြီးတစ်ယောက်ထဲဆိုပြီး ရိုက်နှက် ပစ္စည်းများလုသွားဘယ်လိုလုပ်မလဲ… ခေတ်ကြီးကကောင်းတာ မဟုတ်ဘူးဆိုပြီး အဖေကြီးခဗျာ သားသမီးတွေဆူတာ အမြဲခံရပါတယ်…
အဖေကြီးချက်တဲ့ဟင်းတွေထဲက ကျွန်မ အကြိုက်ဆုံးဟင်းနှစ်မျိုးက တော့ ငါးသလောက် ချဉ်ရည်ဟင်းနဲ့ ဘာဂျီကျော် ပါ… ကျွန်မ ငါးဟင်းမကြိုက်ပါဘူး… ငါးသလောက်ဆိုရင်တော့ ပေါင်းအိုးကြီးနဲ့ ပေါင်းမှ ကြိုက်ပါတယ်… ဒါပေမယ့် ဖေကြီးချက်တဲ့ ငါးသလောက်ချဉ်ရည်ဟင်းကိုတော့ ကျွန်မ အရမ်းကြိုက်ပါတယ်… ဘာဂျီကျော်ဆိုတာတော့ အာလူး၊ ပဲသီး၊ မျှစ်၊ ရုံးပတီသီး စတာတွေကို ငရုတ်သီးစိမ်းထက်ခြမ်းခွဲထည့်ပြီး ရောကျော်ထားတာပါ… အရသာခပ်စပ်စပ်လေးနဲ့ စားလို့ကောင်းပါတယ်…
မှတ်မှတ်ရရ ကျွန်မ ငယ်ငယ်က တိုက်ဖွိုက်ဖြစ်တော့ အဖတ်မစားရပါဘူး.. အရည်တွေဘဲတောက်လျှောက်သောက်နေရတယ်… ပျောက်သလောက်ဖြစ်တဲ့အချိန်မှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ မေမေက လုံးဝ အစာအမာတော့ မကျွေးသေးပါဘူး… ကွေကာအုပ်လေးတော့ တိုက်နေပါပြီ.. ကျွန်မလည်းရက်ရှည်လများဆိုတော့ထမင်းစားချင်လှပါပြီ… အဲဒီနေ့ညနေ မေမေ ရေချိုးခန်းထဲ ၀င်သွားတုန်း ကျွန်မရဲ့ အဖိုးဟာ သူစားနေကြ ဖိုင်ဘာဇလုံအပြာလေးနဲ့ ထမင်းစားနေခဲ့တယ်.. ငါးသလောက် ချဉ်ရည်ဟင်းချက်တဲ့နေ့ပါ.. ကျွန်မ ထမင်းအရမ်းစားချင်နေတာ သိလို့ထင်ပါတယ်… အဖေကြီး စိတ်မကောင်းဖြစ်သွားတယ်… အဖေကြီး သမီးကို ထမင်းတစ်လုပ်လောက် ခွံပါလားဆိုတော့ သူတော်တော် စိတ်မကောင်းဖြစ်သွားတယ်ထင်ပါတယ်… စားလက်စ ထမင်းလုပ်ကိုကြည့်ရင်း ဝေခွဲမရဖြစ်သွားတယ်.. နောက်တော့ နင်ဒီတစ်လုပ်ဘဲစား သေချာညက်အောင်ဝါးဆိုပြီး တစ်လုပ်ခွံပါတယ်… ငါးချဉ်ရည်နဲ့ နယ်ထားပြီး ငါးအသားဖတ်လေးတွေပါတဲ့ အဲဒီထမင်းလုပ်ဟာ အရမ်းအရသာရှိပါတယ်… ကျွန်မ အဖိုးရဲ့ မေတ္တာနဲ့ ကျွေးတဲ့ ထမင်းမို့ထင်ပါတယ်… ကျွန်မလည်းနောက်နေ့ကစပြီးနေကောင်းပြီး မကြာခင်မှာ ထမင်း ပြန်စားခွင့်ရသွားခဲ့တယ်..
ဆက်ပါဦးမည်………………..

No comments:

Post a Comment