Tuesday, August 21, 2012

နာမည်ကြီးတဲ့အိမ်ဟောင်း

နာမည်ကြီးတဲ့ အိမ်ဟောင်း

နာမည်ကြီးတဲ့ အိမ်ဟောင်းလေးထဲမှာ ကျွန်မနေထိုင်တယ်...

ပူပြင်း ခြောက်သွေ့ ပြီး အထီးကျန်ဆန်တဲ့ ခုနစ်လပိုင်း နွေရက်တစ်ရက်က နှင်းဆီပန်းတွေကိုတောင် မလှပစေနိုင်ခဲ့ဘူး...
ရက်စက်တဲ့ နဂါးရက်တစ်ရက် ကို ဟာတာတာ နှလုံးသားနဲ့ ကြိုးစားဖြတ်ကျော်ခဲ့တယ်....

 မနက်ဖြန်ဟာ ကျွန်မ အတွက် ပျော်ရွှင်နွေးထွေးစွာ ကုန်ဆုံးနိုင်တဲ့ နေ့ရက်တစ်ရက်ဖြစ်ပါစေ..
 မနက်ဖြန်ရဲ့ ညများဟာလည်း ပီတိပြုံးနဲ့ အိပ်စက်ရတဲ့ ညများဖြစ်ပါစေ...
 နာမည်ကြီးတဲ့ အိမ်ဟောင်းလေးထဲမှာ ကျွန်မနေထိုင်တယ်...


ဒါ ခုနှစ်လပိုင်းပူပြင်းတဲ့ နွေစနေတစ်ရက်ကရေးထားတာပေါ့... ခုမှသတိရလို့ ပြန်တင်လိုက်တာ... အဲဒီနေ့ မနက် ၉ နာရီလောက် အိပ်ယာကနိုးတော့ လဘ်က ဖုန်းဝင်လာတယ်.. လဘ်က ကျုတာဆီက.. ခုဘယ်မှာလဲ အဆောင်မှာဆိုတော့ အခုဆရာလည်းလဘ်မှာရှိတယ်... ဒီနေ့ လုပ်ပြီး ချက်ခြင်း ဆရာ့ကို report ပြန်တင်ရမှာရှိနေတယ် ခုလာခဲ့ပါတဲ့... ဒါနဲ့ကျောင်းသွား... စိပ်ပုပ်တဲ့စီနီယာ ကျုတာ ရဲ့ကျောတောတောသင်ပြမှုကိုနာယူရင်း စိတ်နှလုံးမသာယာစွာရှိနေခဲ့တာ ဘာမှလည်းမစားရသေးလို့ဗိုက်ကလည်းဆာ... စနေနေ့ဆိုပြီးအားရပါးရအိပ်မိတာကိုး... ၁၁ လောက် experiment လုပ်တဲ့အခနးမှာ စမ်းလို့ပြီးတော့ ဆရာ့ကိုသူ့ရုံးခန်းမှာ သွားခေါ်ရတယ်... လဘ်ရှေ့ကလမ်းမှာ တစ်ခြားလဘ်တစ်ခုက ကျောင်းသားတွေနဲ့ဆရာတွေဖြစ်မယ်... အုပ်စုလိုက်ကြီး လမ်းမမှာ သူတို့လည်း စမ်းသပ်မှုတစ်ခုခုလုပ်နေတယ်ထင်တယ်.. ကင်မရာလေးတွေကို သစ်သားချောင်း အရှည်ခွဒေါက်ကြီးတွေတွဲထားတာတွေကို ကိုင်တဲ့သူကကိုင်... လမ်းမမှာပေကြိုးနဲ့တိုင်းတဲ့သူကတိုင်းလုပ်နေကြတယ်... အဲဒီနေ့နေ့လည်မှာကျောင်းမှာစာရင်းပေးထားတဲ့ ပန်းသင်တန်းရှိတယ်.. သင်တန်းက ၁ နာရီစမယ်... ညနေက လဘ်မှာ အိုဘီကိုင်းတဲ့... အိုဘီကိုင်းဆိုတာ.. ဒီလဘ်ကနေ ဘွဲ့ရသွားတဲ့ကျောင်းသားဟောင်းတွေ အခုလက်ရှိလဘ်မှာရှိတဲ့သူတွေ ပြန်စုပြီး ပျော်ပျော်ပါးပါး ကစားကြ စားကြသောက်ကြ ပွဲမျိုးပေါ့... ယမ်း ၅၀၀၀ တောင်ထည့်ရတယ်.. နှမြောစရာကောင်းလိုက်တာ... သူတို့ အစီအစဉ်က ၂ နာရီမှာ ဘိုးလင်းပစ်ပြီး ကျောင်းမှာ ပြန်လာစားကြမယ်... အီခဲဘားနားသင်တန်းရှိလို့ မလိုက်လိုပါဆိုတော့ ဆရာက ဘိုးလင်းမပစ်ရင်နေ... သင်တန်းပြီးရင် စားသောက်ခန်းမလာခဲ့ပါတဲ့....  စမ်းသပ်မှုလုပ်ထားတာတွေ ဆရာကလိုတာတွေပြောပြီးတော့ ၁၂ ခွဲနေပြီ... လဘ်ကလူတွေရောက်လာပြီး ဘိုလင်းပစ်သွားဖို့လုပ်နေတုန်း မြန်မြန်ပြန်လာ.. ပန်းသင်တန်းက ၁ နာရီ.. ဘာမှစားစရာမရှိ..ကျောင်းနားက စတိုးဆိုင်အမြန်ပြေး ထမင်းဘူးဝယ်.. အဆောင်ပြန်လာ.. စားမယ်လုပ်တုန်း ဘေးခန်းက သူငယ်ချင်းက တံခါးခေါက် ပန်းသင်တန်းသွားမယ်တဲ့.. သွားနှင့်နော် လို့ပြောပီး ထမင်းလေး သုံးလေးလုပ် ပါးစပ်ထဲထည့် ပြေးသွားရတယ်... သင်တန်းရောက်တော့ လူစုံနေပြီ.. ရှေ့ဆုံးတစ်ခုံဘဲလွတ်နေတယ်.. နေကပူစိတ်ကညစ်... နှင်းဆီတွေတောင်မလှသလိုဘဲ.. ဆရာမက ဂျပန်လို အီခဲဘန အရေးပါမှုတွေကိုရှင်းပြနေတယ်... ခေါင်းထဲ ၀င်တစ်ချက် မ၀င်တစ်ချက်..တော်တော်များက နားမလည်... ပြီးတော့ အတန်းထဲက လူများက မေးခွန်းတွေမေး ဆရာမက ဖြေ... နားလည်တစ်ချက် မလည်တစ်ချက်... ညနေ အိုဘီကိုင်းရောက်တော့ ဆရာက စကားပြောနေပြီ.. ကံဆိုးချင်တော့ စကားပြောနေတဲ့ ဆရာ ရဲ့နောက်တည့်တည့်မှာသာ တံခါးပေါက်က ရှိနေတယ်... အဲဒါလည်းညံ့တာ.. နောက်ဘက်က၀င်လို့ရတဲ့ တံခါးကို မမြင်ဘူးလေ... ဆရာ့နောက် တံခါးပေါက်မှာ ပြူတစ်ပြူတစ် သွားချောင်းကြည့်တော့ စိတ်ပုပ်တဲ့ ကျူတာက လှမ်းပြီးမျက်လုံးပြူးပြတယ်.. နင်ဘာလို့နောက်ကျလဲပေါ့.. သူ့အမြင်ကပ်တာနဲ့ ခပ်တည်တည် တံခါးဖွင့်ဝင်လိုက်တော့ လူတွေက ၀ိုင်းကြည့်... ဆရာတွေကပါလှည့်ကြည့်... နောက်ကိုသွက်သွက်လျှောက်သွားတော့ ကမ်းပိုက်လုပ်နေကြပြီ... လက်ထဲမှာဘာခွက်မှ မရှိ... ကောင်လေးတစ်ယောက်က အလိုက်တသိ... မြ..စံ ရေနွေးကြမ်းလားလို့ အလိုက်တသိမေး ခွက်ကလေးကမ်းပေး ရေနွေးကြမ်းဘူးကြီးထဲက ထည့်ပေးတယ်... ကျေးဇူးတင်ပါပေ့မောင်မင်းကြီးသားလေး အစားအသောက်တွေလည်းရောက်လာရော.. လူတွေက စားပွဲတွေနားဝိုင်းသွား... လဘ်မှာက ကောင်လေးတွေက များနေတာ... ကောင်မလေးက ကိုယ်ပါမှ ငါးယောက်... ကျောင်းသားဟောင်းတွေနဲ့ပါပေါင်းရင် မိန်းကလေးက ယောက်ကျားလေးရဲ့ ဆယ်ပုံတစ်ပုံ... ကျန်တဲ့ ဂျပန်မလေးနှစ်ယောက်ကလည်းဆာကေးတွေသောက်... တရုတ်နှစ်ယောက်ကလည်း ကွိကျိကွကျိတွေပြော.. အဆာလွန်နေလို့ထင် ဘာမှလည်းသိပ်မစားချင်... အရမ်းလည်းတိုးမနေချင်တာပါတယ်... ရေနွေးကြမ်းတွေဘဲလှိမ့်သောက်နေတာ.. အအေးဘူးတွေ တစ်လကြမ်းသူများတွေသောက်နေတာလည်း တွေ့တော့တွေ့သား သွားမယူုဖြစ်ဘူး... ခုံတစ်ခုံမှာထိုင်ပြီး သူများတွေရယ်နေတာကိုသာ ကြည့်နေမိတယ်... ည ၇ နာရီထိုးတော့ အသားလေးလစ်ပြန်ပြီး အထီးကျန်လွန်းလို့ ... တစ်နာရီလောက် မြေအောက်ရထားစီးပြီး သွားရတဲ့ နေရာက အစ်မ တစ်ယောက်ဆီဖုန်းဆက်.. သူ့ဆီသွားရတယ်... သူ့ဆီရောက်မှ သူနေတဲ့နားက တရုတ်ဆိုင်တစ်ဆိုင်သွား နှစ်ယောက်သား ထမင်းစားကြ... အဲဒီတော့မှ စားလို့ဝင်တယ်.. စိတ်ညစ်လို့ မြန်မာ လိုစကားတွေ အကျယ်ကြီးပြောပြီး ပေါက်ကရတွေပြော ရယ်လိုက်တာပေါ့.... ရထားတစ်နာရီပြန်စီး ပြန်လာတော့ ည ၁၀ နာရီကျော်ပြီ... အိမ်ရောက်တော့ ကဗျာလေးထိုင်ရေး အားလုံးကိုမေ့ပစ် အိပ်ပစ်လိုက်တာပေါ့... ခြောက်သွေ့ခဲ့တဲ့ နေ့တစ်နေ့ပေါ့.....

2 comments:

  1. နာမည်ကြီးတဲ့ အိမ်ဟောင်းလေးကို အားပေးခံစားသွားပါတယ်။ စာလုံးတွေက
    အရမ်းသေးတယ်နော် ဆရာလုပ်တာမဟုတ်ပါဘူး မျက်လုံးမကောင်းတဲ့သူဆိုတော်တော်အားစိုက်ရမယ် ။အသစ်သင်တိုင်ခံစားရအောင်လင့်လေးယူချိတ်ပါရစေနော် ။

    ReplyDelete
    Replies
    1. လာရောက် အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်... ကိုယ့်ဘာသာလည်း စာလုံးတွေသေးနေတာ သတိထားမိတယ်... နောက်ဆိုပြင်ပါ့မယ်.... ကျေးဇူးပါနော်...း)

      Delete