Saturday, September 8, 2012

နာဂိုယာ ဒိုင်ယာရီ (၁)


ဒီနေ့တော့ နောက်ထပ် မတ်ဆုမိုတိုစံ နောက်တစ်ယောက်နဲ့တွေ့တယ်… ဘ၀မှာ ပထမသိရတဲ့ မတ်ဆုမိုတိုစံ က ကျောင်းကလုပ်တဲ့ conference ကိုလာတတ်တဲ့  tokyo, waseda တက္ကသိုလ်က ပရော်ဖက်ဆာ ဆရာကြီးပေါ့… စာတမ်းဖတ်ပွဲအပြီး ကျောင်းက နိုင်ငံခြားသားတွေ ရွှေတိဂုံ ဘုရားလိုက်ပို့တော့ ရွှေသင်္ကန်း ကပ်ဖို့ ဆရာ့ကို ရွှေဆိုင်းတွေ ၀ယ်ပေးဖြစ်ခဲ့တယ်…
အဲဒီနေ့က စကော့ဈေးမှာကိုရီးယား ကဆရာတစ်ယောက်က ပတ္တ့မြားလက်စွပ် ၀ယ်တော့ ဆရာက တို့ဂျပန်တွေက နိုင်ငံက ချမ်းသာပေမယ့် တို့လူမျိုးတွေက ဆင်းရဲပါတယ်ကွာ… မ၀ယ်နိုင်ပါဘူးတဲ့ … မွန်ဘူးရှိုး စကော်လာရပြီး သွားချင်ခဲ့တာ … ဆရာ့လဘ်ကိုပါ… ကံဆိုးစွာဘဲ… မေးလ်ပို့တဲ့ အချိန်မှာ လိပ်စာလွဲနေခဲ့ပြီး နောက်ပိုင်း private university ထက်စာရင် national university ကိုဘဲသွားမယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် မသွားဖြစ်ခဲ့တာပေါ့… ဒီလိုနဲ့ဘဲ အီရှိဘရှိဆန်းဆေး လဘ်ကို မျက်စိလည် လမ်းမှား လွဲချော်ပြီး ရောက်ခဲ့တာကလား…. အခု အသိအစ်မတွေထဲက တစ်ယောက် ဆရာ့လဘ်မှာရောက်ပြီး စာသင်ယူနေတယ်ကြားရလို့ အရမ်းဘဲ ၀မ်းသာ အားကျမိတယ်…
ဒီနေ့တွေ့ရတဲ့ မတ်ဆုမိုတိုစံကလည်း ဆရာ့လိုဘဲ ဆရာတစ်ယောက်ပါ.. ဒါပေမယ့် တက္ကသိုလ်က ပရော်ဖက်ဆာ တစ်ယောက်တော့ မဟုတ်ဘဲ… အင်္ဂလိပ်စာ သင်တဲ့ ဂျပန် အဘိုးကြီးတစ်ယောက်ပါ… နောက်လ ဂျပန်မြန်မာ ချစ်ကြည်ရေး ကပွဲ ရှိတယ်.. မတ်ဆုမိုတို ဆန်းဆေးရဲ့ကျောင်းက ကလေးခြောက်ယောက်… မြန်မာ လေးယောက် မြနန္ဒာ သီချင်းနဲ့ ကကြမယ်… ပြီးတော့ ပြဇာတ်လေးလည်းရှိတယ်… သောကြာနေ့က အီရှိဘရှိဆန်းဆေးက ဒီအပတ်.. စနေ ရော တနင်္ဂနွေရော လဘ်လာပြီး ဖြစ်နေတဲ့ ပြသနာ ကိုအဖြေ၇ှာထား… ဒါမှ တနင်္လာနေ့experiement လုပ်လို့ရမယ်လို့ ပြောတော့ စိတ်ညစ်နေခဲ့တာ… ဒီနေ့မနက် လဘ်ရောက်တော့ တူတူတွဲ ပြီး အဖြေရှာမယ့်မာစတာကျောင်းသားက မေးလ်ပို့ထားတယ်.. သူဒီနေ့မလာနိုင်ပါ… မနက်ဖြန်တစ်နေကုန်လာပါ့မယ်ဆိုတော့ အကတိုက်တဲ့ နေရာ သွားဖြစ်ခဲ့တယ်… နာဂိုယာတက္ကသိုလ်ရှေ့မှာ မတ်ဆုမိုတိုစံက မြန်မာတွေ အားလုံးကို ကားနဲ့လာကြိုပေးတယ်… ပျော်ရွှင်စွာ အကတိုက်ပြီး… မြန်မာထမင်းဟင်းချက်ကျွေးတယ်.. ကြက်သားနဲ့ အာလူးဟင်းလေ…. တုံ့ယမ်းဟင်းချိုလည်းပါတယ်… ပြီးတော့ ဒီနေ့ ခံစားချက်ကို ရေးပေးရတယ်…
ပျော်ရွှင်ပါတယ်.. ဟင်းကလည်း အရသာရှိပါတယ် ပေါ့
နေ့တိုင်းရဲ့ခံစားချက်ကိုတို့လုပ်နေတဲ့ experiment လို အမှတ်ပေးရရင်တော့ နံပါတ် ၅ပါ… ခံစားချက်ကောင်းသည်…း)… နောက်တစ်ခုက တတိယနှစ်တုန်းက ဆရာမ နဲ့ပြန်တွေ့လို့ အရမ်းဝမ်းသာခဲ့တယ်… တီချယ်က သမီး သမီးလို့ခေါ်ပြီး စကားပြော… ကိုယ့်ကိုလည်း တွေ့တာနဲ့ မှတ်မိနေခဲ့တာ … ဂျပန်စကား မရဘူးတီချယ် ဆိုတော့ စကားရအောင်သင်နော် သမီးတဲ့… တီချယ်လည်း ကိုယ့်လို အဖြစ်တူ.. တီချယ်ရောက်စတုန်းကလည်း ညနေ ၆ နာရီလောက်ဆို ပြန်မိတော့ ဆရာက ကြိုက်ဘူးတဲ့… ခုတော့ ည ၉ နာရီ ၁၀ နာရီမှ လဘ်က ပုံမှန်ပြန်တယ်တဲ့… လဘ်က ဆရာလည်း အဲလိုဘဲတီချယ်ရယ် သူပြန်ပြီး မှ ပြန်မှ ကြိုက်တာ လို့ တီချယ်ကို ရင်ဖွင့်မိတယ်… ကြုံတုန်းပြောရရင်တော့ ဂျပန်မှာ ဆရာ ၃ မျိုးရှိတယ်… ပထမတစ်မျိုးက သဘောကောင်းတဲ့ ဆရာပေါ့… သူက တပည့်တွေ နဲ့ရင်းရင်းနှီးနှီးနေ… လိုတာတွေ အကုန်ဖြည့်ဆည်းပေး.. ဥပမာ.. ဘေးခန်းက မွန်ဂို သူငယ်ချင်းရဲ့ဆရာ… ရောက်တာနဲ့ ဘာလိုလဲမေးပြီး ipad, laptop, စက်ဘီးက အစ ပေးပါတယ်.. သူငယ်ချင်းလည်း စကော်လာဘဲ.. ဒါပေမယ့် ဆရာက သဘောကောင်းစွာ part time အလုပ်လုပ်ခွင့်ပြုထားသေးသည်… အခု တိုကျိုသွားချင်သည် ဆိုတော့ လစဉ် သူတို့လဘ်က တိုကျိုမှာ အလှည့်ကျ တက်ရတဲ့ seminar တစ်ခုကို ဒီလ သူငယ်ချင်းကို ထည့်ပေးသည်… နောက်ဆရာက က လဘ်လာရင် မုန့်တွေဝယ်လာတတ်သည်… သူတို့လဘ်မှာ မုန့်တွေထားတဲ့နေရာ ရှိတယ်.. ကုန်နေပြီဆို ဆရာက ဟာ မုန့်တောင်ကုန်နေပြီဘဲ ဆိုပြီး နောက်နေ့ ၀ယ်လာပေးတတ်တဲ့ဆရာမျိုးပါ….
နောက်ဆရာ တစ်မျိုးကတော့ အလုပ်တစ်ခုပြီးဖို့ ၂ ပတ် အချိန်ပေးထားရင် ၂ ပတ်ပြည့်သွားမှ သွားတွေ့ရတဲ့ ဆရာမျိုး… သိပ်လည်း အားလေ့မရှိ… အပြင်စီးပွားရေးတွေရှိမည်… သူကိုယ်တိုင်လုပ်တဲ့ research ရှိမည်… သူ့ရုံးခန်းထဲမှာသာ နေတာများမည်.. ကျောင်းသားတွေ လဘ်ထဲလာလေ့မရှိ… ခေါ်ချင်ရင် မေးလ်ပို့ထားမည်… အပတ်စဉ်လုပ်တဲ့ seminar မျိုးတွေမှာတော့ သေချာဆွေးနွေးရတဲ့ ဆရာမျိုးး ဒါက ပုံမှန်တွေ့ရလေ့ရှိတဲ့ ဆရာမျိုး
နောက်ဆရာ တစ်မျိုးကတော့ အီရှိဘရှိဆန်းဆေးလို ဆရာမျိုးဖြစ်သည်… ကျောင်းသားတွေက တကယ့် ဂျပန်အစစ်တွေရဲ့ ရှေးကျတဲ့ စရိုက်လို့ပြောတာပေါ့… ဂျပန်ကျောင်းသားတွေ ကိုယ်တိုင် ဆရာက တင်းကျပ်လွန်းတယ်လို့ပြောကြတယ်…
ဆရာ အားရင် အားသလို လဘ်ထဲလာတယ်.. .ဘယ်သူတွေ ဘာလုပ်နေလဲ မော်နီတာတွေကြည့်မယ်… ဘယ်သူကို ဘာတွေခိုင်းရမလဲ… တကယ်တော့လည်း စာတွေဘဲခိုင်းနေတာမို့ ပညာတော့ရသည်… ဒါပေမယ့် ဆရာက အမှားသေးသေးလေးပင်လျှင်ဆူတတ်သည်.. တူညီတဲ့ အမှားမျိုးကို နှစ်ခါမှားမယ်ဆိုရင်တော့ ဒီ သုတေသနကို ဆက်လုပ်နေဖို့တောင် မထိုက်တန်တဲ့ ပုံစံမျိုးပြောတတ်သည်… တစ်ခါတစ်လေ ကိုယ်က ဒီကိစ္စရဲ့ အမှားဟာဒါကြောင့်ဖြစ်သွားတာပါလို့ပြောရင် ဆရာလက်မခံ… probability သဘောတရားတွေပါလာမည်… ရှုပ်ထွေးသော သင်္ချာ သဘောတရားများပြောကာ ထိုအမှားလေးအတွက် အချိန်ပေါင်း အကြိမ်ပေါင်းများစွာ ပြန်လုပ်ရဖို့သာ ပြင်ထားရုံ … မိန်းကလေး ဖြစ်နေလို့ နည်းနည်းတော်သေးတာ.. ယောက်ကျားလေးတွေ ဆူရင်တော့ ဆရာက ခုံတွေဘာတွေပါ တ၀ုန်းဝုန်းရိုက်ပြီး အော်ဟစ်တတ်သူုဖြစ်သည်… သူဆူတာနှင့်ကင်းဘူးသော သူမရှိ များများဆူခံရသူနှင့် နည်းနည်းဆူခံရသူသာ ကွာမည်… ဒါပေမယ့် စိတ်ညစ်နေရုံနဲလည်းမပြီး ကြိုးစားပြီး လျှေက်ရမည်သာ ဖြစ်သည်.. ခုချိန်သူအများကြီး သင်ပေးနေတယ်လို့ သဘောထားကာ ကြိုးစားမှ ဖြစ်မယ်လို့ တွေးမိတယ်… မေးလ်ပို့တာက အစ သင်ပေးပါတယ်..တစ်ခါတစ်လေ သူမော်နီတာ လာကြည့်တုန်း မေးလ်ပို့နေရင် နင်ရေးတာ မှားနေပြီ… နင်အဓိက ပြောချင်တာ အောက်မှာရောက်နေတယ်.. အဓိက သူ့ကိုပြောချင်တဲ့ စာကြောင်းကို အရင်ဆုံးရေးရမယ် ဟုပြောကာ သင်ပေးသူဖြစ်သည်… အဲတော့လည်း ဆူတတ်တာ သူ့ဝသီမို့ ကြိုးစားပြီး သင်ယူရုံသာဖြစ်တယ်.. ဒါပေမယ့် ဒီလို အတွေးဆိုတာလည်း ဒီလိုခံစားချက်ကောင်းတဲ့ နေ့မျိုးလေးလောက်ဘဲ တွေးနိုင်တာလားနော်… နေ့တော်တော်များများက ငါစိတ်အရမ်းပင်ပန်းတယ်… အတူတွဲလုပ်နေသောသူများကလည်း သူတို့ပြောတာ ကိုယ်က နားမလည် ကိုယ်ပြောတာလည်း သူတို့ နားမလည်.. ပင်ပန်းတယ် လို့တွေးမိတဲ့နေ့က များသားလား…
ဘာဘဲဖြစ်ဖြစ် ဒီနေ့ အဖို့ နာဂိုယာ ရဲ့ ဒိုင်ယာရီကတော့ သူငယ်ချင်းများ နဲ့တွေ့ရ… ရယ်မောရ… ဟင်းကောင်းကောင်းစားရသည့် အတွက် ပျော်ရွှင်နွေးထွေးခြင်းများဖြင့် လှပသည်း)

Tuesday, September 4, 2012

ရန်ကင်းကအိမ်

အိမ်ပြန်ချင်နဲ့စိတ်ကြောင့်ထင်တယ်... ခုတစ်လော အိမ်ကိုခဏခဏ အိပ်မက်မက်တယ်...
လွန်ခဲ့တဲ့ ငါးနှစ်လောက်က စပြီးအိမ်မှာ ကောင်းကောင်းမနေရဘူး... မာစတာသီးစစ် တုန်းကတော့ အိမ်မှာကောင်းကောင်းမနေရ... အိမ်မှာ ရှိတဲ့ အချိန်လည်း အိမ်ကိုဒုက္ခပေးနေတာ အများသားလားနော်... အိမ်က မေမေ ဆိုတာ ငွေကြေးလည်းထောက်ပံ့ရ... မအောင်မြင်တဲ့ ပထမအကြိမ် third seminar အတွက် တစ်ငိုငို ဖြစ်နေသေးဆိုတော့ စိတ်ဓာတ်ရေးရာလည်း အားပေးရ... နောက်တော့ camp ထဲလည်းရောက်သွားရော... အိမ်ကလူတွေခဏတော့ နားအေးသက်သာမယ်ထင်တယ်.... camp ထဲရောက်တော့ အိမ်ကိုလွမ်းတဲ့ စတော့တာဘဲနော်... စာမေးပွဲဖြေခါနီး ချောင်းတွေဆိုးနေမကောင်းဖြစ်တော့ အားတွေငယ်ပြီး မေမေ့လှမ်းဖုန်းဆက်... ပြန်လာတော့မယ်ဆိုပြိး ငိုလိုက်ရတာ... ခုတော့ အဲဒါတွေကျော်ဖြတ်ခဲ့ပါတယ်လေ... အရင်က စနေနေ့မနက် အိမ်ပြန်လို့ရပြီဆိုတာနဲ့ မျက်နှာတောင် မသစ်ဘူး... ဘယ်လောက်ဆိုးလဲဆို... အဆောင်အောက်ဆင်း ကားဌားပြီး အိမ်ပြန်... စနေတနင်္ဂနွေ မေမေချက်ကျွေးတဲ့ ဟင်းတွေ စား စာထိုင်လုပ်.. အမေကို ကူညီတယ်ဆိုတာရှားသားလားနော်... ဒါပေမယ့် အဲဒီထဲက တစ်ခါတစ်လေ အိပ်မက်တွေမက်သား... ညဘက်ကြီး အိမ်ပြန်လာတာတဲ့...အိပ်မက်ထဲမှာ... မီးတွေပျက်နေတာမှ ပိန်းပိတ်အောင်မှောင်နေတော့တာဘဲ... အိမ်ပြန်လာတဲ့ လမ်းကြီးက ရှည်လိုက်တာ... ကားတွေလည်းမှားစီးသေးတယ်.... ရောက်လာတော့လည်း တစ်ရပ်ကွက်လုံး ပိန်းပိတ်အောင် မှောင်လို့လေ... နောက်တော့ ကြိုးစားပြီး လျှောက်လာရင်း လေးထပ်က တိုက်ခန်းလေးဆီ မော့ကြည့်တော့ ဖယောင်းတိုင်မီးလေး လင်းနေတယ်... မေမေရှိနေမှာ ဆိုတဲ့ အတွေးနဲ့ အပြေးလေးတက်လာတာ... လှေကားက အရမ်းမှောင်တော့ ကြောက်နေမိတယ်....  လှေကားတွေက ကြာလိုက်တာတက်ရတာ... နောက်တော့ လှေကားကိုတက်ရင်းနဲ့ ဘဲ အိပ်မက်ကနိုးလာရော... ခုလည်း တစ်ခါတစ်လေ နာဂိုယာ ဆေးရုံရှေ့က မှောင်နေတဲ့လမ်းကနေ ညဘက်တွေ တစ်ယောက်တည်း ပြန်လာမိတဲ့ အချိန်တိုင်း အဲလို အိပ်မက်တွေ ကို သတိရမိတယ်... အိမ်ကိုပြန်ချင်တဲ့ စိတ်က အရမ်းပါဘဲ.. အရင်က စနေနေ့မနက် အိမ်ပြန်ချင်လို့ မနက်အစောကြီးတွေ ထပြန်လာရင်မေမေက တံခါးဖွင့်ပြီးစောင့်နေ... ဒီနေ့ဘာစားချင်လဲ... ရော့ပိုက်ဆံ.. စားချင်တာတွေချက်ပေးမယ်.. ဈေးတော့သွားပေးဦးနော်တဲ့.. တစ်ခါတစ်လေ.. ဆူဆူအောင့်အောင့်နဲ့ မေမေကလည်း လှေကားကြီးတက်ရတာ မောတဲ့ဟာကို ဈေးကသွားရဦးမယ် ဆိုပြီး ဆူဆူအောင့်အောင့်နဲ့... ခုတော့ ဈေးခြင်းလေးဆွဲပြီး ရန်ကင်းဈေးလမ်းလေး လျှောက်ချင်တယ်.. အခြောက်လိုလိုအသံချွဲချွဲနဲ့ ဟင်းရွက်ရောင်းတဲ့ဦးလေးကြီးဆီမှာ အသီးအရွက်တွေ ၀ယ်မယ်.. သူက အများကြီး အပိုပေးတယ်လေ... ချဉ်ပေါင်ရွက်ဝယ်ရင် ခြွေပြီးမှ အိမ်ပေါ်လာပို့ပေးတယ်... ဈေးဆောင်တွေထဲထိလျှောက်ရတာပျင်းလို့ အိမ်နဲ့ မလှမ်းမကမ်း သစ်ပင်ကြီးနှစ်ပင်ကြားက ပုစွန်သည်ကြီးဆီမှာ ပုစွန်ဝယ်မယ်... နောက်တစ်နှစ် နှစ်နှစ် သုံးနှစ် အားတင်းပြီးကျော်ဖြတ်ရဦးမယ်လေ.... ညနေက မေမေ့ဆီ ဖုန်းတစ်ကဒ်လုံးကုန်အောင်ဆက်ပစ်လိုက်တာပေါ့... မေမေက စာကြိုးစားနော်တဲ့... ဆရာနဲ့လည်းတည့်အောင်နေတဲ့.... မြန်မာတွေ ညံ့တယ်လို့ ကိုယ့်ကြောင့် မဖြစ်စေနဲ့နော်တဲ့... ငါ့သမီးလေးကြိုးစားအောင်မြင်တယ်ဆိုမှ မေမေက လွမ်းရကျိုးနပ်မှာတဲ့... ဟုတ်ကဲ့လို့ပြောရင်း နောက်သုံးနှစ်ကျော် မေမေ့ကို ဈေးဝယ်ပေးနိုင်မယ့် အချိန်လေး.... မေမေနဲ့ မီးဖိုထဲမှာ ၀ိုင်းကူလုပ်ပေးနိုင်မယ့်အချိန်လေးကို မျှော်လင့်ရင်း....