Saturday, September 8, 2012

နာဂိုယာ ဒိုင်ယာရီ (၁)


ဒီနေ့တော့ နောက်ထပ် မတ်ဆုမိုတိုစံ နောက်တစ်ယောက်နဲ့တွေ့တယ်… ဘ၀မှာ ပထမသိရတဲ့ မတ်ဆုမိုတိုစံ က ကျောင်းကလုပ်တဲ့ conference ကိုလာတတ်တဲ့  tokyo, waseda တက္ကသိုလ်က ပရော်ဖက်ဆာ ဆရာကြီးပေါ့… စာတမ်းဖတ်ပွဲအပြီး ကျောင်းက နိုင်ငံခြားသားတွေ ရွှေတိဂုံ ဘုရားလိုက်ပို့တော့ ရွှေသင်္ကန်း ကပ်ဖို့ ဆရာ့ကို ရွှေဆိုင်းတွေ ၀ယ်ပေးဖြစ်ခဲ့တယ်…
အဲဒီနေ့က စကော့ဈေးမှာကိုရီးယား ကဆရာတစ်ယောက်က ပတ္တ့မြားလက်စွပ် ၀ယ်တော့ ဆရာက တို့ဂျပန်တွေက နိုင်ငံက ချမ်းသာပေမယ့် တို့လူမျိုးတွေက ဆင်းရဲပါတယ်ကွာ… မ၀ယ်နိုင်ပါဘူးတဲ့ … မွန်ဘူးရှိုး စကော်လာရပြီး သွားချင်ခဲ့တာ … ဆရာ့လဘ်ကိုပါ… ကံဆိုးစွာဘဲ… မေးလ်ပို့တဲ့ အချိန်မှာ လိပ်စာလွဲနေခဲ့ပြီး နောက်ပိုင်း private university ထက်စာရင် national university ကိုဘဲသွားမယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် မသွားဖြစ်ခဲ့တာပေါ့… ဒီလိုနဲ့ဘဲ အီရှိဘရှိဆန်းဆေး လဘ်ကို မျက်စိလည် လမ်းမှား လွဲချော်ပြီး ရောက်ခဲ့တာကလား…. အခု အသိအစ်မတွေထဲက တစ်ယောက် ဆရာ့လဘ်မှာရောက်ပြီး စာသင်ယူနေတယ်ကြားရလို့ အရမ်းဘဲ ၀မ်းသာ အားကျမိတယ်…
ဒီနေ့တွေ့ရတဲ့ မတ်ဆုမိုတိုစံကလည်း ဆရာ့လိုဘဲ ဆရာတစ်ယောက်ပါ.. ဒါပေမယ့် တက္ကသိုလ်က ပရော်ဖက်ဆာ တစ်ယောက်တော့ မဟုတ်ဘဲ… အင်္ဂလိပ်စာ သင်တဲ့ ဂျပန် အဘိုးကြီးတစ်ယောက်ပါ… နောက်လ ဂျပန်မြန်မာ ချစ်ကြည်ရေး ကပွဲ ရှိတယ်.. မတ်ဆုမိုတို ဆန်းဆေးရဲ့ကျောင်းက ကလေးခြောက်ယောက်… မြန်မာ လေးယောက် မြနန္ဒာ သီချင်းနဲ့ ကကြမယ်… ပြီးတော့ ပြဇာတ်လေးလည်းရှိတယ်… သောကြာနေ့က အီရှိဘရှိဆန်းဆေးက ဒီအပတ်.. စနေ ရော တနင်္ဂနွေရော လဘ်လာပြီး ဖြစ်နေတဲ့ ပြသနာ ကိုအဖြေ၇ှာထား… ဒါမှ တနင်္လာနေ့experiement လုပ်လို့ရမယ်လို့ ပြောတော့ စိတ်ညစ်နေခဲ့တာ… ဒီနေ့မနက် လဘ်ရောက်တော့ တူတူတွဲ ပြီး အဖြေရှာမယ့်မာစတာကျောင်းသားက မေးလ်ပို့ထားတယ်.. သူဒီနေ့မလာနိုင်ပါ… မနက်ဖြန်တစ်နေကုန်လာပါ့မယ်ဆိုတော့ အကတိုက်တဲ့ နေရာ သွားဖြစ်ခဲ့တယ်… နာဂိုယာတက္ကသိုလ်ရှေ့မှာ မတ်ဆုမိုတိုစံက မြန်မာတွေ အားလုံးကို ကားနဲ့လာကြိုပေးတယ်… ပျော်ရွှင်စွာ အကတိုက်ပြီး… မြန်မာထမင်းဟင်းချက်ကျွေးတယ်.. ကြက်သားနဲ့ အာလူးဟင်းလေ…. တုံ့ယမ်းဟင်းချိုလည်းပါတယ်… ပြီးတော့ ဒီနေ့ ခံစားချက်ကို ရေးပေးရတယ်…
ပျော်ရွှင်ပါတယ်.. ဟင်းကလည်း အရသာရှိပါတယ် ပေါ့
နေ့တိုင်းရဲ့ခံစားချက်ကိုတို့လုပ်နေတဲ့ experiment လို အမှတ်ပေးရရင်တော့ နံပါတ် ၅ပါ… ခံစားချက်ကောင်းသည်…း)… နောက်တစ်ခုက တတိယနှစ်တုန်းက ဆရာမ နဲ့ပြန်တွေ့လို့ အရမ်းဝမ်းသာခဲ့တယ်… တီချယ်က သမီး သမီးလို့ခေါ်ပြီး စကားပြော… ကိုယ့်ကိုလည်း တွေ့တာနဲ့ မှတ်မိနေခဲ့တာ … ဂျပန်စကား မရဘူးတီချယ် ဆိုတော့ စကားရအောင်သင်နော် သမီးတဲ့… တီချယ်လည်း ကိုယ့်လို အဖြစ်တူ.. တီချယ်ရောက်စတုန်းကလည်း ညနေ ၆ နာရီလောက်ဆို ပြန်မိတော့ ဆရာက ကြိုက်ဘူးတဲ့… ခုတော့ ည ၉ နာရီ ၁၀ နာရီမှ လဘ်က ပုံမှန်ပြန်တယ်တဲ့… လဘ်က ဆရာလည်း အဲလိုဘဲတီချယ်ရယ် သူပြန်ပြီး မှ ပြန်မှ ကြိုက်တာ လို့ တီချယ်ကို ရင်ဖွင့်မိတယ်… ကြုံတုန်းပြောရရင်တော့ ဂျပန်မှာ ဆရာ ၃ မျိုးရှိတယ်… ပထမတစ်မျိုးက သဘောကောင်းတဲ့ ဆရာပေါ့… သူက တပည့်တွေ နဲ့ရင်းရင်းနှီးနှီးနေ… လိုတာတွေ အကုန်ဖြည့်ဆည်းပေး.. ဥပမာ.. ဘေးခန်းက မွန်ဂို သူငယ်ချင်းရဲ့ဆရာ… ရောက်တာနဲ့ ဘာလိုလဲမေးပြီး ipad, laptop, စက်ဘီးက အစ ပေးပါတယ်.. သူငယ်ချင်းလည်း စကော်လာဘဲ.. ဒါပေမယ့် ဆရာက သဘောကောင်းစွာ part time အလုပ်လုပ်ခွင့်ပြုထားသေးသည်… အခု တိုကျိုသွားချင်သည် ဆိုတော့ လစဉ် သူတို့လဘ်က တိုကျိုမှာ အလှည့်ကျ တက်ရတဲ့ seminar တစ်ခုကို ဒီလ သူငယ်ချင်းကို ထည့်ပေးသည်… နောက်ဆရာက က လဘ်လာရင် မုန့်တွေဝယ်လာတတ်သည်… သူတို့လဘ်မှာ မုန့်တွေထားတဲ့နေရာ ရှိတယ်.. ကုန်နေပြီဆို ဆရာက ဟာ မုန့်တောင်ကုန်နေပြီဘဲ ဆိုပြီး နောက်နေ့ ၀ယ်လာပေးတတ်တဲ့ဆရာမျိုးပါ….
နောက်ဆရာ တစ်မျိုးကတော့ အလုပ်တစ်ခုပြီးဖို့ ၂ ပတ် အချိန်ပေးထားရင် ၂ ပတ်ပြည့်သွားမှ သွားတွေ့ရတဲ့ ဆရာမျိုး… သိပ်လည်း အားလေ့မရှိ… အပြင်စီးပွားရေးတွေရှိမည်… သူကိုယ်တိုင်လုပ်တဲ့ research ရှိမည်… သူ့ရုံးခန်းထဲမှာသာ နေတာများမည်.. ကျောင်းသားတွေ လဘ်ထဲလာလေ့မရှိ… ခေါ်ချင်ရင် မေးလ်ပို့ထားမည်… အပတ်စဉ်လုပ်တဲ့ seminar မျိုးတွေမှာတော့ သေချာဆွေးနွေးရတဲ့ ဆရာမျိုးး ဒါက ပုံမှန်တွေ့ရလေ့ရှိတဲ့ ဆရာမျိုး
နောက်ဆရာ တစ်မျိုးကတော့ အီရှိဘရှိဆန်းဆေးလို ဆရာမျိုးဖြစ်သည်… ကျောင်းသားတွေက တကယ့် ဂျပန်အစစ်တွေရဲ့ ရှေးကျတဲ့ စရိုက်လို့ပြောတာပေါ့… ဂျပန်ကျောင်းသားတွေ ကိုယ်တိုင် ဆရာက တင်းကျပ်လွန်းတယ်လို့ပြောကြတယ်…
ဆရာ အားရင် အားသလို လဘ်ထဲလာတယ်.. .ဘယ်သူတွေ ဘာလုပ်နေလဲ မော်နီတာတွေကြည့်မယ်… ဘယ်သူကို ဘာတွေခိုင်းရမလဲ… တကယ်တော့လည်း စာတွေဘဲခိုင်းနေတာမို့ ပညာတော့ရသည်… ဒါပေမယ့် ဆရာက အမှားသေးသေးလေးပင်လျှင်ဆူတတ်သည်.. တူညီတဲ့ အမှားမျိုးကို နှစ်ခါမှားမယ်ဆိုရင်တော့ ဒီ သုတေသနကို ဆက်လုပ်နေဖို့တောင် မထိုက်တန်တဲ့ ပုံစံမျိုးပြောတတ်သည်… တစ်ခါတစ်လေ ကိုယ်က ဒီကိစ္စရဲ့ အမှားဟာဒါကြောင့်ဖြစ်သွားတာပါလို့ပြောရင် ဆရာလက်မခံ… probability သဘောတရားတွေပါလာမည်… ရှုပ်ထွေးသော သင်္ချာ သဘောတရားများပြောကာ ထိုအမှားလေးအတွက် အချိန်ပေါင်း အကြိမ်ပေါင်းများစွာ ပြန်လုပ်ရဖို့သာ ပြင်ထားရုံ … မိန်းကလေး ဖြစ်နေလို့ နည်းနည်းတော်သေးတာ.. ယောက်ကျားလေးတွေ ဆူရင်တော့ ဆရာက ခုံတွေဘာတွေပါ တ၀ုန်းဝုန်းရိုက်ပြီး အော်ဟစ်တတ်သူုဖြစ်သည်… သူဆူတာနှင့်ကင်းဘူးသော သူမရှိ များများဆူခံရသူနှင့် နည်းနည်းဆူခံရသူသာ ကွာမည်… ဒါပေမယ့် စိတ်ညစ်နေရုံနဲလည်းမပြီး ကြိုးစားပြီး လျှေက်ရမည်သာ ဖြစ်သည်.. ခုချိန်သူအများကြီး သင်ပေးနေတယ်လို့ သဘောထားကာ ကြိုးစားမှ ဖြစ်မယ်လို့ တွေးမိတယ်… မေးလ်ပို့တာက အစ သင်ပေးပါတယ်..တစ်ခါတစ်လေ သူမော်နီတာ လာကြည့်တုန်း မေးလ်ပို့နေရင် နင်ရေးတာ မှားနေပြီ… နင်အဓိက ပြောချင်တာ အောက်မှာရောက်နေတယ်.. အဓိက သူ့ကိုပြောချင်တဲ့ စာကြောင်းကို အရင်ဆုံးရေးရမယ် ဟုပြောကာ သင်ပေးသူဖြစ်သည်… အဲတော့လည်း ဆူတတ်တာ သူ့ဝသီမို့ ကြိုးစားပြီး သင်ယူရုံသာဖြစ်တယ်.. ဒါပေမယ့် ဒီလို အတွေးဆိုတာလည်း ဒီလိုခံစားချက်ကောင်းတဲ့ နေ့မျိုးလေးလောက်ဘဲ တွေးနိုင်တာလားနော်… နေ့တော်တော်များများက ငါစိတ်အရမ်းပင်ပန်းတယ်… အတူတွဲလုပ်နေသောသူများကလည်း သူတို့ပြောတာ ကိုယ်က နားမလည် ကိုယ်ပြောတာလည်း သူတို့ နားမလည်.. ပင်ပန်းတယ် လို့တွေးမိတဲ့နေ့က များသားလား…
ဘာဘဲဖြစ်ဖြစ် ဒီနေ့ အဖို့ နာဂိုယာ ရဲ့ ဒိုင်ယာရီကတော့ သူငယ်ချင်းများ နဲ့တွေ့ရ… ရယ်မောရ… ဟင်းကောင်းကောင်းစားရသည့် အတွက် ပျော်ရွှင်နွေးထွေးခြင်းများဖြင့် လှပသည်း)

Tuesday, September 4, 2012

ရန်ကင်းကအိမ်

အိမ်ပြန်ချင်နဲ့စိတ်ကြောင့်ထင်တယ်... ခုတစ်လော အိမ်ကိုခဏခဏ အိပ်မက်မက်တယ်...
လွန်ခဲ့တဲ့ ငါးနှစ်လောက်က စပြီးအိမ်မှာ ကောင်းကောင်းမနေရဘူး... မာစတာသီးစစ် တုန်းကတော့ အိမ်မှာကောင်းကောင်းမနေရ... အိမ်မှာ ရှိတဲ့ အချိန်လည်း အိမ်ကိုဒုက္ခပေးနေတာ အများသားလားနော်... အိမ်က မေမေ ဆိုတာ ငွေကြေးလည်းထောက်ပံ့ရ... မအောင်မြင်တဲ့ ပထမအကြိမ် third seminar အတွက် တစ်ငိုငို ဖြစ်နေသေးဆိုတော့ စိတ်ဓာတ်ရေးရာလည်း အားပေးရ... နောက်တော့ camp ထဲလည်းရောက်သွားရော... အိမ်ကလူတွေခဏတော့ နားအေးသက်သာမယ်ထင်တယ်.... camp ထဲရောက်တော့ အိမ်ကိုလွမ်းတဲ့ စတော့တာဘဲနော်... စာမေးပွဲဖြေခါနီး ချောင်းတွေဆိုးနေမကောင်းဖြစ်တော့ အားတွေငယ်ပြီး မေမေ့လှမ်းဖုန်းဆက်... ပြန်လာတော့မယ်ဆိုပြိး ငိုလိုက်ရတာ... ခုတော့ အဲဒါတွေကျော်ဖြတ်ခဲ့ပါတယ်လေ... အရင်က စနေနေ့မနက် အိမ်ပြန်လို့ရပြီဆိုတာနဲ့ မျက်နှာတောင် မသစ်ဘူး... ဘယ်လောက်ဆိုးလဲဆို... အဆောင်အောက်ဆင်း ကားဌားပြီး အိမ်ပြန်... စနေတနင်္ဂနွေ မေမေချက်ကျွေးတဲ့ ဟင်းတွေ စား စာထိုင်လုပ်.. အမေကို ကူညီတယ်ဆိုတာရှားသားလားနော်... ဒါပေမယ့် အဲဒီထဲက တစ်ခါတစ်လေ အိပ်မက်တွေမက်သား... ညဘက်ကြီး အိမ်ပြန်လာတာတဲ့...အိပ်မက်ထဲမှာ... မီးတွေပျက်နေတာမှ ပိန်းပိတ်အောင်မှောင်နေတော့တာဘဲ... အိမ်ပြန်လာတဲ့ လမ်းကြီးက ရှည်လိုက်တာ... ကားတွေလည်းမှားစီးသေးတယ်.... ရောက်လာတော့လည်း တစ်ရပ်ကွက်လုံး ပိန်းပိတ်အောင် မှောင်လို့လေ... နောက်တော့ ကြိုးစားပြီး လျှောက်လာရင်း လေးထပ်က တိုက်ခန်းလေးဆီ မော့ကြည့်တော့ ဖယောင်းတိုင်မီးလေး လင်းနေတယ်... မေမေရှိနေမှာ ဆိုတဲ့ အတွေးနဲ့ အပြေးလေးတက်လာတာ... လှေကားက အရမ်းမှောင်တော့ ကြောက်နေမိတယ်....  လှေကားတွေက ကြာလိုက်တာတက်ရတာ... နောက်တော့ လှေကားကိုတက်ရင်းနဲ့ ဘဲ အိပ်မက်ကနိုးလာရော... ခုလည်း တစ်ခါတစ်လေ နာဂိုယာ ဆေးရုံရှေ့က မှောင်နေတဲ့လမ်းကနေ ညဘက်တွေ တစ်ယောက်တည်း ပြန်လာမိတဲ့ အချိန်တိုင်း အဲလို အိပ်မက်တွေ ကို သတိရမိတယ်... အိမ်ကိုပြန်ချင်တဲ့ စိတ်က အရမ်းပါဘဲ.. အရင်က စနေနေ့မနက် အိမ်ပြန်ချင်လို့ မနက်အစောကြီးတွေ ထပြန်လာရင်မေမေက တံခါးဖွင့်ပြီးစောင့်နေ... ဒီနေ့ဘာစားချင်လဲ... ရော့ပိုက်ဆံ.. စားချင်တာတွေချက်ပေးမယ်.. ဈေးတော့သွားပေးဦးနော်တဲ့.. တစ်ခါတစ်လေ.. ဆူဆူအောင့်အောင့်နဲ့ မေမေကလည်း လှေကားကြီးတက်ရတာ မောတဲ့ဟာကို ဈေးကသွားရဦးမယ် ဆိုပြီး ဆူဆူအောင့်အောင့်နဲ့... ခုတော့ ဈေးခြင်းလေးဆွဲပြီး ရန်ကင်းဈေးလမ်းလေး လျှောက်ချင်တယ်.. အခြောက်လိုလိုအသံချွဲချွဲနဲ့ ဟင်းရွက်ရောင်းတဲ့ဦးလေးကြီးဆီမှာ အသီးအရွက်တွေ ၀ယ်မယ်.. သူက အများကြီး အပိုပေးတယ်လေ... ချဉ်ပေါင်ရွက်ဝယ်ရင် ခြွေပြီးမှ အိမ်ပေါ်လာပို့ပေးတယ်... ဈေးဆောင်တွေထဲထိလျှောက်ရတာပျင်းလို့ အိမ်နဲ့ မလှမ်းမကမ်း သစ်ပင်ကြီးနှစ်ပင်ကြားက ပုစွန်သည်ကြီးဆီမှာ ပုစွန်ဝယ်မယ်... နောက်တစ်နှစ် နှစ်နှစ် သုံးနှစ် အားတင်းပြီးကျော်ဖြတ်ရဦးမယ်လေ.... ညနေက မေမေ့ဆီ ဖုန်းတစ်ကဒ်လုံးကုန်အောင်ဆက်ပစ်လိုက်တာပေါ့... မေမေက စာကြိုးစားနော်တဲ့... ဆရာနဲ့လည်းတည့်အောင်နေတဲ့.... မြန်မာတွေ ညံ့တယ်လို့ ကိုယ့်ကြောင့် မဖြစ်စေနဲ့နော်တဲ့... ငါ့သမီးလေးကြိုးစားအောင်မြင်တယ်ဆိုမှ မေမေက လွမ်းရကျိုးနပ်မှာတဲ့... ဟုတ်ကဲ့လို့ပြောရင်း နောက်သုံးနှစ်ကျော် မေမေ့ကို ဈေးဝယ်ပေးနိုင်မယ့် အချိန်လေး.... မေမေနဲ့ မီးဖိုထဲမှာ ၀ိုင်းကူလုပ်ပေးနိုင်မယ့်အချိန်လေးကို မျှော်လင့်ရင်း....

Tuesday, August 21, 2012

နာမည်ကြီးတဲ့အိမ်ဟောင်း

နာမည်ကြီးတဲ့ အိမ်ဟောင်း

နာမည်ကြီးတဲ့ အိမ်ဟောင်းလေးထဲမှာ ကျွန်မနေထိုင်တယ်...

ပူပြင်း ခြောက်သွေ့ ပြီး အထီးကျန်ဆန်တဲ့ ခုနစ်လပိုင်း နွေရက်တစ်ရက်က နှင်းဆီပန်းတွေကိုတောင် မလှပစေနိုင်ခဲ့ဘူး...
ရက်စက်တဲ့ နဂါးရက်တစ်ရက် ကို ဟာတာတာ နှလုံးသားနဲ့ ကြိုးစားဖြတ်ကျော်ခဲ့တယ်....

 မနက်ဖြန်ဟာ ကျွန်မ အတွက် ပျော်ရွှင်နွေးထွေးစွာ ကုန်ဆုံးနိုင်တဲ့ နေ့ရက်တစ်ရက်ဖြစ်ပါစေ..
 မနက်ဖြန်ရဲ့ ညများဟာလည်း ပီတိပြုံးနဲ့ အိပ်စက်ရတဲ့ ညများဖြစ်ပါစေ...
 နာမည်ကြီးတဲ့ အိမ်ဟောင်းလေးထဲမှာ ကျွန်မနေထိုင်တယ်...


ဒါ ခုနှစ်လပိုင်းပူပြင်းတဲ့ နွေစနေတစ်ရက်ကရေးထားတာပေါ့... ခုမှသတိရလို့ ပြန်တင်လိုက်တာ... အဲဒီနေ့ မနက် ၉ နာရီလောက် အိပ်ယာကနိုးတော့ လဘ်က ဖုန်းဝင်လာတယ်.. လဘ်က ကျုတာဆီက.. ခုဘယ်မှာလဲ အဆောင်မှာဆိုတော့ အခုဆရာလည်းလဘ်မှာရှိတယ်... ဒီနေ့ လုပ်ပြီး ချက်ခြင်း ဆရာ့ကို report ပြန်တင်ရမှာရှိနေတယ် ခုလာခဲ့ပါတဲ့... ဒါနဲ့ကျောင်းသွား... စိပ်ပုပ်တဲ့စီနီယာ ကျုတာ ရဲ့ကျောတောတောသင်ပြမှုကိုနာယူရင်း စိတ်နှလုံးမသာယာစွာရှိနေခဲ့တာ ဘာမှလည်းမစားရသေးလို့ဗိုက်ကလည်းဆာ... စနေနေ့ဆိုပြီးအားရပါးရအိပ်မိတာကိုး... ၁၁ လောက် experiment လုပ်တဲ့အခနးမှာ စမ်းလို့ပြီးတော့ ဆရာ့ကိုသူ့ရုံးခန်းမှာ သွားခေါ်ရတယ်... လဘ်ရှေ့ကလမ်းမှာ တစ်ခြားလဘ်တစ်ခုက ကျောင်းသားတွေနဲ့ဆရာတွေဖြစ်မယ်... အုပ်စုလိုက်ကြီး လမ်းမမှာ သူတို့လည်း စမ်းသပ်မှုတစ်ခုခုလုပ်နေတယ်ထင်တယ်.. ကင်မရာလေးတွေကို သစ်သားချောင်း အရှည်ခွဒေါက်ကြီးတွေတွဲထားတာတွေကို ကိုင်တဲ့သူကကိုင်... လမ်းမမှာပေကြိုးနဲ့တိုင်းတဲ့သူကတိုင်းလုပ်နေကြတယ်... အဲဒီနေ့နေ့လည်မှာကျောင်းမှာစာရင်းပေးထားတဲ့ ပန်းသင်တန်းရှိတယ်.. သင်တန်းက ၁ နာရီစမယ်... ညနေက လဘ်မှာ အိုဘီကိုင်းတဲ့... အိုဘီကိုင်းဆိုတာ.. ဒီလဘ်ကနေ ဘွဲ့ရသွားတဲ့ကျောင်းသားဟောင်းတွေ အခုလက်ရှိလဘ်မှာရှိတဲ့သူတွေ ပြန်စုပြီး ပျော်ပျော်ပါးပါး ကစားကြ စားကြသောက်ကြ ပွဲမျိုးပေါ့... ယမ်း ၅၀၀၀ တောင်ထည့်ရတယ်.. နှမြောစရာကောင်းလိုက်တာ... သူတို့ အစီအစဉ်က ၂ နာရီမှာ ဘိုးလင်းပစ်ပြီး ကျောင်းမှာ ပြန်လာစားကြမယ်... အီခဲဘားနားသင်တန်းရှိလို့ မလိုက်လိုပါဆိုတော့ ဆရာက ဘိုးလင်းမပစ်ရင်နေ... သင်တန်းပြီးရင် စားသောက်ခန်းမလာခဲ့ပါတဲ့....  စမ်းသပ်မှုလုပ်ထားတာတွေ ဆရာကလိုတာတွေပြောပြီးတော့ ၁၂ ခွဲနေပြီ... လဘ်ကလူတွေရောက်လာပြီး ဘိုလင်းပစ်သွားဖို့လုပ်နေတုန်း မြန်မြန်ပြန်လာ.. ပန်းသင်တန်းက ၁ နာရီ.. ဘာမှစားစရာမရှိ..ကျောင်းနားက စတိုးဆိုင်အမြန်ပြေး ထမင်းဘူးဝယ်.. အဆောင်ပြန်လာ.. စားမယ်လုပ်တုန်း ဘေးခန်းက သူငယ်ချင်းက တံခါးခေါက် ပန်းသင်တန်းသွားမယ်တဲ့.. သွားနှင့်နော် လို့ပြောပီး ထမင်းလေး သုံးလေးလုပ် ပါးစပ်ထဲထည့် ပြေးသွားရတယ်... သင်တန်းရောက်တော့ လူစုံနေပြီ.. ရှေ့ဆုံးတစ်ခုံဘဲလွတ်နေတယ်.. နေကပူစိတ်ကညစ်... နှင်းဆီတွေတောင်မလှသလိုဘဲ.. ဆရာမက ဂျပန်လို အီခဲဘန အရေးပါမှုတွေကိုရှင်းပြနေတယ်... ခေါင်းထဲ ၀င်တစ်ချက် မ၀င်တစ်ချက်..တော်တော်များက နားမလည်... ပြီးတော့ အတန်းထဲက လူများက မေးခွန်းတွေမေး ဆရာမက ဖြေ... နားလည်တစ်ချက် မလည်တစ်ချက်... ညနေ အိုဘီကိုင်းရောက်တော့ ဆရာက စကားပြောနေပြီ.. ကံဆိုးချင်တော့ စကားပြောနေတဲ့ ဆရာ ရဲ့နောက်တည့်တည့်မှာသာ တံခါးပေါက်က ရှိနေတယ်... အဲဒါလည်းညံ့တာ.. နောက်ဘက်က၀င်လို့ရတဲ့ တံခါးကို မမြင်ဘူးလေ... ဆရာ့နောက် တံခါးပေါက်မှာ ပြူတစ်ပြူတစ် သွားချောင်းကြည့်တော့ စိတ်ပုပ်တဲ့ ကျူတာက လှမ်းပြီးမျက်လုံးပြူးပြတယ်.. နင်ဘာလို့နောက်ကျလဲပေါ့.. သူ့အမြင်ကပ်တာနဲ့ ခပ်တည်တည် တံခါးဖွင့်ဝင်လိုက်တော့ လူတွေက ၀ိုင်းကြည့်... ဆရာတွေကပါလှည့်ကြည့်... နောက်ကိုသွက်သွက်လျှောက်သွားတော့ ကမ်းပိုက်လုပ်နေကြပြီ... လက်ထဲမှာဘာခွက်မှ မရှိ... ကောင်လေးတစ်ယောက်က အလိုက်တသိ... မြ..စံ ရေနွေးကြမ်းလားလို့ အလိုက်တသိမေး ခွက်ကလေးကမ်းပေး ရေနွေးကြမ်းဘူးကြီးထဲက ထည့်ပေးတယ်... ကျေးဇူးတင်ပါပေ့မောင်မင်းကြီးသားလေး အစားအသောက်တွေလည်းရောက်လာရော.. လူတွေက စားပွဲတွေနားဝိုင်းသွား... လဘ်မှာက ကောင်လေးတွေက များနေတာ... ကောင်မလေးက ကိုယ်ပါမှ ငါးယောက်... ကျောင်းသားဟောင်းတွေနဲ့ပါပေါင်းရင် မိန်းကလေးက ယောက်ကျားလေးရဲ့ ဆယ်ပုံတစ်ပုံ... ကျန်တဲ့ ဂျပန်မလေးနှစ်ယောက်ကလည်းဆာကေးတွေသောက်... တရုတ်နှစ်ယောက်ကလည်း ကွိကျိကွကျိတွေပြော.. အဆာလွန်နေလို့ထင် ဘာမှလည်းသိပ်မစားချင်... အရမ်းလည်းတိုးမနေချင်တာပါတယ်... ရေနွေးကြမ်းတွေဘဲလှိမ့်သောက်နေတာ.. အအေးဘူးတွေ တစ်လကြမ်းသူများတွေသောက်နေတာလည်း တွေ့တော့တွေ့သား သွားမယူုဖြစ်ဘူး... ခုံတစ်ခုံမှာထိုင်ပြီး သူများတွေရယ်နေတာကိုသာ ကြည့်နေမိတယ်... ည ၇ နာရီထိုးတော့ အသားလေးလစ်ပြန်ပြီး အထီးကျန်လွန်းလို့ ... တစ်နာရီလောက် မြေအောက်ရထားစီးပြီး သွားရတဲ့ နေရာက အစ်မ တစ်ယောက်ဆီဖုန်းဆက်.. သူ့ဆီသွားရတယ်... သူ့ဆီရောက်မှ သူနေတဲ့နားက တရုတ်ဆိုင်တစ်ဆိုင်သွား နှစ်ယောက်သား ထမင်းစားကြ... အဲဒီတော့မှ စားလို့ဝင်တယ်.. စိတ်ညစ်လို့ မြန်မာ လိုစကားတွေ အကျယ်ကြီးပြောပြီး ပေါက်ကရတွေပြော ရယ်လိုက်တာပေါ့.... ရထားတစ်နာရီပြန်စီး ပြန်လာတော့ ည ၁၀ နာရီကျော်ပြီ... အိမ်ရောက်တော့ ကဗျာလေးထိုင်ရေး အားလုံးကိုမေ့ပစ် အိပ်ပစ်လိုက်တာပေါ့... ခြောက်သွေ့ခဲ့တဲ့ နေ့တစ်နေ့ပေါ့.....

Enchanted

Enchanted to meet you!!!!
ဒါက owl city ရဲ့ Enchanted....
ဒါကတော့ Talyor Swift ရဲ့ Enchanted ပေါ့... ဒီသီချင်းလေးပါတဲ့ ရုပ်ရှင်ကတော့ The Vow ပါ... ကနေဒီယမ် မင်းသမီးချော Rachel McAdams နဲ့ Dear John ထဲက မင်းသား Channing Tatum တို့ပါဝင်သရုပ်ဆောင်ထားတယ်... Rachel McAdams ကိုတော့ The Notebook မှာစသတိထားမိတာပေါ့..

Monday, August 20, 2012

အဖေကြီး (၃)


အဖေကြီးဟာ ရွာမှာလယ်လုပ်ရင်းနဲ့ Burmese Independence Army (BIA) ထဲဝင်ခဲ့တယ်… လယ်သမားအဖေကြီးရဲ့ လယ်သမားဘ၀ သင်္ကေတကတော့ ဘယ်ဘက်လက် လက်ညှိုးက တစ်ဆစ်ကောက်နေခဲ့တယ်… စပါးရိတ်ရင်း တံစဉ်းနဲ့ လက်ကိုဖြတ်ခဲ့မိတာတဲ့… ပြတ်ပြတ်ချင်း လက်ညှိုးကိုဖိပြီး ပြန်ဆက် အ၀တ်နဲ့စည်းထားလိုက်တာ.. ပြန်ဆက်သွားခဲ့သတဲ့.. အဖေကြီးက ဒီလိုပြောပြခဲ့တာဘဲ… …ဘဘ ငယ်ငယ်တုန်းက ( မေမေ့ အစ်ကို၊ အဖေကြီးရဲ့ သားအကြီးဆုံးပေါ့).. ဒီသစ်ပင်ရေလောင်းစမ်းဆိုပြီး အဖေကြီးက ကောက်နေတဲ့လက်ညှိုးနဲ့ အပင်ကိုထိုးပြ၊ ဘဘကလည်း အပင်ကိုပြနေမှန်းသိရဲ့နဲ့ မလုပ်ချင်လို့နေမှာ ရွဲ့ပြီး ကောက်နေတဲ့လက်ညှိုးထိုးမိလျက်သားဖြစ်နေတဲ့ အပင်ဘေးနားမြေကြီးကိုရွဲ့လောင်းသတဲ့… အဖေကြီးက သူ့ရွဲ့ရပါ့မလားဆိုပြီး တုတ်နဲ့လိုက်လို့ ပြေးလိုက်ရတာတဲ့… ဘီအိုင်အေ ထဲမှာ ကျွန်မအဘိုး ဆာဂျင်မောင်ကြည် ဟာ အတော်များ နာမည်ကြီးခဲ့လေသလား… အိန္ဒိယ မှာသွားပြီး လေထီးခုန်တာသင်ခဲ့ရတယ်လို့ ခဏခဏပြောပြဖူးတယ်… အိန္ဒိယ အတွေ့အကြုံတွေရောပေါ့… ဒါကြောင့် အဖေကြီးဟာ အိန္ဒိယစကားလည်း ကောင်းကောင်းပြောတတ်တယ်.. အင်္ဂလိပ်စကားလည်းထမင်းစားရေသောက်တော့ရတယ်.. တက္ကသိုလ် မတက်ခဲ့ရတဲ့ ကျွန်မအဘိုး.. တော်လိုက်တာနော်… အိန္ဒိယကိုသွားတော့ လမ်းတွေအရှည်ကြီး အရှည်ကြီးလျှောက်ပြီး သွားခဲ့ရတယ်… အဖေကြီးပြောတာ သေချာမမှတ်မိတော့ဘူး… ကုန်းတတန်ကားတတန် သွားခဲ့ရတာမျိုးလား ဒါမှမဟုတ် တကယ်ကို အကြာကြီးလမ်းတွေလျှောက်ခဲ့ရတာလား…. ဂျပန်ကိုတိုက်တဲ့အချိန်.. အဖေကြီးတို့ဟာ လေထီးတွေနဲ့ မြန်မာနိုင်ငံထဲပြန်ဝင်လာခဲ့ကြတယ်.. တိုက်ပွဲတွေအများကြီးဆင်နွှဲခဲ့ကြတယ်တဲ့.. နောက်တော့ အဖေကြီး အိမ်ပြန်လယ်စိုက်တယ်.. ဒီကြားထဲက ဇာတ်လမ်းတွေကိုသေချာမသိပေမယ့် အဖေနဲ့သားများကားထဲက ဦးညွှန့်ဝင်းကြီး အိမ်ပြန်လာတဲ့ အချိန်မျိုးဖြစ်မယ်ထင်တယ်.. နောက်တာ့ ဗမာ့တပ်မတော်ဖွဲ့စည်းတဲ့အချိန်.. အဖေကြီးတပ်ထဲပြန်ဝင်တယ်.. အမေကြီးနဲ့လည်းအိမ်ထောင်ကျရောပေါ့.. နာမည်ကြီး အင်းစိန်တိုက်ပွဲ.. ဗိုလ်တိုက်ချွန်းနဲ့များ အတူတိုက်ခဲ့လေသလား… ရန်ကုန်အစိုးရဟာ အင်းစိန်မှာကြံ့ကြံ့ခံတိုက်ပွဲဝင် အကြီးအကျယ်ပေါ့.. အဲဒီမှာဒဏ်ရာရခဲ့တယ်.. ဒူးခေါင်းထဲကို ကျည်ဆံဝင်ခဲ့တယ်… အဲဒီကျည်ဆံဟာ ဒူးခေါင်းထဲမှာ ဖြစ်နေလို့ခွဲဖို့မလွယ်ခဲ့ဘူး.. ဒူးဆစ်ရိုးထဲရောက်နေခဲ့မယ်ထင်တယ်… ဘောလုံးဝါသနာပါတဲ့ အဘိုးဟာ အဲဒီအချိန်ကစပြီး ဘယ်တော့မှ ဘောလုံးကန်လို့မရတော့ပါ… အဲဒီကျည်ဆံဟာ အသက် (၇၀)ကျော် အချိန်မှာလည်း အတော်ကိုဒုက္ခပေးခဲ့တာ.. အဖေကြီး ဒူးကိုက်တာ.. ခြေထောက်နာလို့ ဆေးတွေထိုးနေရတာ မဆုံးခင်အချိန်ထိပါဘဲ… ဒါပေမယ့် အဖေကြီးဟာ အသက်တောင်စွန့်တိုက်ပွဲဝင်ခဲ့တာ ဒီကျည်တစ်တောင့်လောက်များ လုံးဝမမှုခဲ့ပါဘူးလေ…
လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်စဉ်တည်းက ပါဝင်ခဲ့သူဖြစ်တာကြောင့် မော်ကွန်းဝင်ဖြစ်ခဲ့ပါတယ်.. အဲဒီတုန်းကလည်း အချက်အလက်များအပြည့်အစုံတင်ပြရတယ်တဲ့.. ဒါပေမယ့် အဖေကြီးဟာ အချက်အလက်များ အပြည့်အစုံတင်ပြခြင်းမရှိတာကြောင့် လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့်သာ ဖြစ်ခဲ့တယ်… နောက်တော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မှာပြောင်းရွေ့တာဝန်ထမ်ေးဆာင်ရတယ်.. လူထုဆက်ဆံရေးအရာရှိ အဖြစ်နဲ့ပေါ့… ဒီအချိန်မှာ ဗိုလ်ကြီးမောင်ကြည် ဖြစ်နေခဲ့ပြီ… အဲဒီနောက် မဘိန်းပါတီယူနစ်ဥက္ကဌ.. အဲဒီကနေမှ တပ်ကိုပြန်ရောက် စစ်သားစုဆောင်းရေးအရာရှိတဲ့… ထားဝယ်မှာပေါ့.. ပြီးတော့ လောပိတတပ်ကိုပြောင်းရွေ့… အဲဒီကနေ ပင်စင်ယူခဲ့တယ်… တသက်လုံးမှန်မှန်ကန်ကန်နေလာခဲ့တဲ့ အဖေကြီးဟာ တစ်ခါတုန်းကပေါ့.. အိမ်နီးချင်းတွေကပြောတယ်.. အဘကြည်ရယ်.. အခုဟိုလူကြီးဟာလေ.. အဘကြည် တပည့်ဆို… အဘကြည်သွားတွေ့ပါလား.. အဘကြည် သူငယ်ချင်းဘယ်သူဘယ်ဝါတောင် သွားတွေ့တာ.. တိုက်ခန်းရသွားပါရောလား… အဖေကြီးဟာ ပြုံးလို့သာနေပါတယ်.. ထိုသူ ပြန်သွားတော့မှ ကျွန်မက ဟာ…ဖေကြီးသွားတွေ့မှာလားဆိုတော့ သူများအောက်ကျနေရမယ့် အလုပ် မဖြောင့်မှန်တဲ့ အလုပ် ဘယ်တော့မှ မလုပ်ပါတဲ့လေ….
တစ်ခါတုန်းက ဘာလို့ရယ်မသိ ကျောင်းမှာဆရာမ တစ်ယောက်ကပြောတာကြားမိတယ်… ကျွန်မ ငါးတန်းလောက်ဖြစ်မယ်… ဆရာမက တစ်ခြားဆရာမ တစ်ယောက်ကိုပြောနေတာ.. သူ့အိမ်မှာ မီတာခတွေအရမ်းကျနေတယ်.. အဲလောက်လည်း မသုံးဘူးတဲ့… နောက် သိပ်မကြာဘူး.. သူငယ်ချင်းအိမ် အလည်သွားမိပြန်ရော.. သူငယ်ချင်းအမေက တစ်ခြားအိမ်က အန်တီကြီးတစ်ယောက်ကို ပြောနေတာကြားမိပြန်ရော… မီတာခလေ.. အရမ်းကျနေတာ.. မီတာလာဖတ်တဲ့သူတွေကို ပိုက်ဆံပေးထား လိုက်တယ်သိလား.. မုန့်ဖိုးပဲဖိုးလေးပေါ့အေ.. အန်တီ့အိမ် မီးလည်း အဲလောက် မသုံးဘဲနဲ့ ..အရမ်းကျနေတယ်ကွယ်လို့.. နောက်လကျတော့ သက်သာသွားတယ်အေတဲ့.. ဒီအကြောင်းမေမေ့ကို အိမ်မှာပြန်ပြောပြတာပေါ့.. လူတတ်ကြီးလုပ်ပြီးတော့လေ… မေမေရေ.. ဘယ်သူ့အမေကတော့ ဒီလိုပြောတာ… မေမေလည်းအဲလိုလုပ်ပါလို့… အဖေကြီးကြားတော့လား… ဆူလိုက်တာလေ… သူများအကျင့်စာရိတ္တကို ဖျက်မယ့် ဒီပိုက်ဆံကိုပေးမယ့်အစား… များရင်များနေပါစေ.. အစိုးရသာဆီမှာသာ အခွန်ဆောင်မတဲ့…. စိတ်မကောင်းတာကတော့ ဒီလိုမှန်ကန်ခဲ့တဲ့ ကျွန်မရဲ့ အဘိုးဟာ.. တစ်သက်လုံးစုဆောင်းလာတဲ့ ပိုက်ဆံလေးနဲ့ လွိုင်ကော်မှာ အိမ်နဲ့ခြံကြီး ပိုင်ဆိုင်ခဲ့ပြီးခါမှ အဲဒါတွေကိုရောင်းချ.. သူငယ်ချင်း စစ်မှုထမ်းဟောင်းတစ်ချို့ရဲ့ အကြံပေးချက်အရ… အကျိုးဆောင် လုပ်ငန်းများမှာ ပိုက်ဆံအပ်နှံရှာတယ်.. ဟေ့မောင်ကြည် မင်းကွာစီးပွားရေးလည်းမလုပ်တတ်.. လွိုင်ကော်လည်း မပြန်နိုင် အပူတွေကြီးသကွာ..ငါတော့ဟေ့… ဘယ်အကျိုးဆောင်မှာပေါ့ အပ်ထားလိုက်တာ.. အတိုးကအများသားကလား.. စသည်စသည်ဖြင့်…တိုက်တွန်းချက်များကြောင့် ယုံကြည်စွာအပ်နှံလိုက်ကြတာ.. အဖေကြီးတို့အရွယ် ဘယ်နှစ်ယောက်များပါမလဲ.. အညာခံလိုက်ကြရတာ…  ကံကောင်းတယ် လို့ပြောရမလား.. ကံဆိုးတယ်လို့ပြောရမလား… အလိမ်မခံရခင် လေးမှာ အဖေကြီးဆုံးသွားခဲ့တာ.. သူမသိသွားခဲ့ဘူး.. သူသာသိရင် နှမြောရှာမှာ… သတင်းတွေကြားနေတဲ့အချိန် အဖေကြီးက ဆေးရုံပေါ်မှာ… အိမ်ကလူတွေလည်း အပူလုံးတွေကြွလို့… ၀န်ထမ်းတွေချည်းဘဲမို့ အဖေကိုဆေးရုံစောင့်ဖို့တောင် မေမေတို့မောင်နှမတွေ ခွင့်လှည့်ယူနေကြရတာ.. ပိုက်ဆံတွေလည်း ပြေးမထုတ်နိုင်ခဲ့ဘူး… ပါသွားတာ သေချာတယ်ဆိုတဲ့ အချိန်မှာ.. အဖေကြီးနာရေးနဲ့မို့.. ပိုက်ဆံတွေ အတွက်ဝမ်းနည်းဖို့အသာထား… မြင့်မိုရ်တောင်ကြီး တောင်ဆုံးရှုံးထားရတာ.. ဘယ်အရာကမှ ပိုပြီး ၀မ်းနည်းအောင် မလုပ်နိုင်ခဲ့ဘူး… မေမေကတော့ပြောတယ်.. မေမေတို့လည်း မိဘရဲ့အမွေကို ခံစားထိုက်တဲ့ကုသိုလ်နည်းခဲ့လို့ပေါ့တဲ့…
ဒီနေ့ ဒီပို့စ်ကိုရေးရင်း အဖေကြီးကို သတိရလိုက်တာလေ… 

The Climb


ဒီနေ့နားထောင်ဖြစ်တာတော့ Miley Cyrus ရဲ့ The Climb သီချင်းပါ... သီချင်းစာသားလေးပါ ပြောပြပေးထားတယ်နော်... ဒီထဲက ကောင်လေးကိုသိတယ်ဟုတ်... Talyor Swiftရဲ့ You Belong with Me ထဲမှာ သရုပ်ဆောင်တဲ့တစ်ယောက်ပါ...

I can almost see it
That dream I am dreaming
But there's a voice inside my head saying
"You'll never reach it"

Every step I'm taking
Every move I make feels
Lost with no direction
My faith is shaking

But I gotta keep trying
Gotta keep my head held high

There's always gonna be another mountain
I'm always gonna wanna make it move
Always gonna be a uphill battle
Sometimes I'm gonna have to lose

Ain't about how fast I get there
Ain't about what's waiting on the other side
It's the climb

The struggles I'm facing
The chances I'm taking
Sometimes might knock me down
But no, I'm not breaking

I may not know it
But these are the moments that
I'm gonna remember most, yeah

Just gotta keep going

And I, I got to be strong
Just keep pushing on
'Cause there's always gonna be another mountain
I'm always gonna wanna make it move
Always gonna be a uphill battle
Sometimes I'm gonna have to lose

Ain't about how fast I get there
Ain't about what's waiting on the other side
It's the climb, yeah!

There's always gonna be another mountain
I'm always gonna wanna make it move
Always gonna be an uphill battle
Somebody's gonna have to lose

Ain't about how fast I get there
Ain't about what's waiting on the other side
It's the climb, yeah!

Keep on moving, keep climbing
Keep the faith, baby
It's all about, it's all about the climb
Keep the faith, keep your faith, whoa


ချဉ်ပေါင်ကြော်


နာဂိုယာမှာ ချဉ်ပေါင်ရွက်မရှိပါ.. တစ်ချို့တွေ အိမ်မှာစိုက်ထားတာရှိတယ်လို့တော့ ကြားသား.. ဘယ်နေရာမှန်းအတိမကျမသိပါ.. ချဉ်ပေါင်ရွက်ကျော်တမ်းတနေတာနဲ့ မေမေက ချဉ်ပေါင်ရွက်အခြောက်တွေရယ် ငပိဘူးရယ် ထည့်ပေးလိုက်တာ.. မနေ့က မျှစ်နဲ့ ပုစွန်သွားဝယ်လိုက်တာပေါ့.. ငရုတ်သီးက အပွသီးတွေဘဲတွေ့တာမို့ မ၀ယ်ခဲ့တော့ဘူး..အစပ်လိုနေတာနဲ့ အိမ်ကကြော်ပေးထားတဲ့ တော်တော်စပ်တဲ့ ငပိကြော်ကိုပါ နည်းနည်းရောထည့်လိုက်တယ်..မနက်ကတည်းက လဘ်မှာစာထိုင်လုပ် စာမရလို့ စိတ်ညစ်ညစ်နဲ့ပြန်လာ.. ခေါင်းကိုက်ချင်သလိုလိုရှိနေတာ.. ချဉ်ပေါင်ကြော်နဲ့စားလိုက်ရလို့ထင်... စိတ်တွေတောင်ချမ်းသာသွားတယ်..ဟဟ.. ဘေးအခန်းတွေကတော့ ငပိနံ့ရလို့များ ဘာနံ့ကြီးပါလိမ့်လို့ပြောနေမလားတော့ မသိ...း) အရသာမဆိုးပေမယ့် အိမ်က မေမေနဲ့ အန်တီလေးတို့လက်ရာကိုတော့ လုံးဝလုံးဝ မမှီ..

Sunday, August 19, 2012

Lady Antebellum, Just a kiss



ခုတစ်လော ခဏခဏ နားထောင်ဖြစ်တဲ့ သီချင်းလေးတစ်ပုဒ်.. Lady Antebellum ကိုစသိတာ Need you now ဆိုတဲ့ သီချင်းလေးနဲ့... အသံရော ရုပ်ရော ကြိုက်တယ်... Need you now ပြီးတော့ထပ်ကြိုက်တာက အခု Just a kiss ဆိုတဲ့ သီချင်းလေးပါ.. feeling songs လေးတွေ ကြိုက်သူများအတွက် မျှဝေပေးလိုက်တယ်နော်...

Saturday, August 18, 2012

Life as We Know It



၂၀၁၁ မှာဖြန့်ချီခဲ့ပြီး ဒါရိုက်တာ Gerg Berlanti ရိုက်ကူးကာ Katherine Heigl နဲ့ Josh Duhamel တို့ပါဝင်သရုပ်ဆောင်ထားပါတယ်... Romantic Comedy-drama ပါ.. တစ်ယောက်ကိုတစ်ယောက်ကြည့်လို့ မရကြတဲ့ Holly နဲ့ Messer တို့ဟာ သူတို့ရဲ့ သူငယ်ချင်းနှစ်ယောက်က မွေးထားတဲ့ ကလေးငယ် Sophie လေးပေါ်မှာတော့ အရမ်းချစ်ကြပါတယ်.. မမျှော်လင့်ဘဲ Sophie လေးရဲ့ မိဘများ car crash တစ်ခုမှာ ဆုံးပါးသွားတဲ့အခါ ကလေးကို တူတူအုပ်ထိန်းဖို့ ဖြစ်လာခဲ့ပါတယ်... ကလေးငယ်ကို အုပ်ထိန်းရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်လာကြတဲ့ ကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးတစ်ခုဖြစ်ပါကြောင်း.....

အဖေကြီး (၂)


ကျွန်မ မေမေက တစ်ခါပြောဖူးပါတယ်… generation ဆိုတာ တစ်ဆက်ပြီးတစ်ဆက် ကြိုးစားပြီး မြှင့်တင်လာရတယ် လို့ပြောပါတယ်… ဒါဘာကိုပြောတာလဲ မေမေဆိုတော့ ဥပမာ.. အဖေကြီး သမီးရဲ့ အဘိုးတို့က လယ်သမားမျိုးရိုးပေါ့… နယ်မှာနေထိုင်လယ်လုပ်တဲ့မိသားစုကနေ အဖိုးဟာ တပ်မတော်ထဲ ၀င်ခဲ့တယ်… အခြားဆင့်ကနေ စတင်ပြီးအရာရှိဖြစ်အောင်ကြိုးစားခဲ့တယ်… သူကိုယ်တိုင်က ဘွဲ့မရ တက္ကသိုလ် ကျောင်းသား မဟုတ်ခဲ့ပေမယ့် ပညာရေးကို တန်ဖိုးထားတယ် မေမေတို့ မောင်နှမ လေးယောက်လုံးကို ဘွဲ့ရအောင် ကျောင်းထားပေး နိုင်ခဲ့တယ်… မေမေကလည်းကြိုးစားပြီး ငါ့သမီးလေးကို ပြုစုပျိုးထောင်ပေးမှာပေါ့တဲ့….
အခုတော့ အဖေကြီးလည်းမရှိတော့ မေမေတို့မောင်နှမတွေလည်း နိုင်ငံ့တာဝန်ကို နှစ်ပေါင်းများစွာ ဆောင်ရွက်လာကြ.. ပင်စင်ယူသူတွေလည်းယူကုန်ပြီ… တစ်ခါတလေတော့ စဉ်းစားမိတယ်… ကျွန်မကရော မျိုးဆက်တစ်ခုမှ လူတစ်ယောက်အနေနဲ့ ဘယ်လောက်တာဝန်ကျေနိုင်မလဲ.. ကျွန်မရဲ့မျိုးဆက်ကိုရော ဘယ်လောက်မြှင့်တင်ပေးနိုင်မလဲ.. ထိုအတွေးတွေ ၀င်လာချိန်မှာတော့ သက်ပြင်းမောဖြစ်သာ အဆုံးသတ်သွားတတ်ပါသည်။
အဖေကြီးရဲ့လစာ က မေမေတို့တွေ ကျောင်းထားနိုင်တဲ့ အပြင် ခြိုးခြံချွေတာပြီး သုံးတတ်တဲ့ အဘွား (အမေကြီး) ဟာ ရွှေတိုရွှေစလေးတွေတောင် စုနိုင်တယ်လို့ပြောပါတယ်.. ကျောင်းစရိတ်အပြင် ကျူရှင်ခတွေဘာတွေလည်း ကုန်စရာမရှိ အကျီ လုံခြည်ဆိုတာလည်း အဆန်းတွေ ၀တ်စရာ မလို.. မုန့်ပဲသရေစာဆိုတာလည်း မေမေတို့မောင်နှမတွေက အမေကြီးလက်ဖြစ် မုန့်များကိုသာ မက်မက်မောမော စားခဲ့သည်ဖြစ်ရာ အဖေကြီးတို့ အမေကြီးတို့ဟာ သားသမီးလေးယောက်ကိုတင် မက ညီ၊ ညီမများရဲ့ သားသမီးများထဲမှ ပညာလိုလားသူများကိုပင် အိမ်မှာခေါ်ထား မေမေတို့နဲ့ အတူကျောင်းတက်စေတယ်လို့ သိရတယ်..
မေမေတို့ငယ်ငယ်တုန်းက အဖေကြီးဟာ အရမ်းလည်းစည်းကမ်းတင်းကျပ်ပြီး ဒေါသလည်း တစ်အားကြီးဆိုပါဘဲ… အမေကြီးရောဘာထူးလဲ ကျွန်မအရမ်းချစ်ပြီး သဘောလည်း အရမ်းကောင်းတယ်လို့ ထင်တဲ့ ဖြူဖြူပုံ့ပုံ့ကျွန်မအဘွားက ငယ်ငယ်က ကြိမ်လုံးတွေကို အတိုတစ်မျိုး အရှည်တစ်မျိုး ကိုင်တတ်သူပါတဲ့.. မေမေတို့ငယ်ငယ်က ညဘက်တွေဆို အဘွားရဲ့မျက်စိအောက်မှာ စာကျက်ကြရတယ်.. စားပွဲခုံကြီးချ မောင်နှမလေးယောက်စာကျက်နေရင် အမေကြီးက ကုလားထိုင်မြင့်မြင့်ပေါ်မှာ ထိုင်ပြီးကြည့်နေတယ်… တစ်ယောက်ယောက် အိပ်ငိုက်ပြီဆိုလို့ကတော့ ဝေးတဲ့နေရာက လူကို ကြိမ်လုံးရှည်ရှည်နဲ့ လှမ်းတို့ နီးတဲ့နေရာက လူကို ကြိမ်လုံးတိုတိုနဲ့ လှမ်းတို့သတဲ့… မေ့မေ့မောင်အငယ်ဆုံး ကျွန်မ ဦးလေးဖြစ်သူကတော့ ပြောတယ်.. သူငယ်ငယ်က ကျောင်းပြေးတာ အဖေကြီးသိသွားလို့ ဓားဆွဲပြီး လိုက်တာ ကျွန်မ ဦးလေးမှာ တစ်မြို့လုံးပတ်ပြေးရတာ လွိုင်ကော်မြို့မှာ ၀က်ဝက်ကွဲလို့ပြောပါတယ်.. အဖေကြီးဟာ.. မေမေတို့ ကျွန်မ အဒေါ်တို့ အပျိုရွယ်ကျပြန်တော့လည်း အိမ်လာလည်တဲ့ ကာလသားများကို ဘုနဲ့ဘောက်လုပ်လွှတ်တတ်သူပါတဲ့…
သားသမီးများဖြစ်တဲ့ မေမေတို့ တွေတင်ဘယ်ကမလဲ မြေးဖြစ်တဲ့ ကျွန်မ လည်းအဆူခံဖူးတာပေါ့.. မှတ်မိနေပါသေးတယ်… ကျွန်မငယ်ငယ် ကျောင်းနေခါနီး အရွယ်ဖြစ်မယ်ထင်ပါတယ်… အဖေကြီးနဲ့ ညနေဘက်လမ်းလျှောက်လိုက်သွားခဲ့တယ်… တော်တော်ဝေးတဲ့နေရာအထိ လျှောက်ကြတာပါ… အပြန်ကျတော့  ကျွန်မမောလည်းမောပြီး ဗိုက်ဆာနေပါပြီ… အဲဒီမှာ အကြော်ဆိုင်လေး တစ်ဆိုင်တွေ့ပါလေရော.. လွိုင်ကော်မြို့ရဲ့ ညချမ်းက အေးကအေး မြေးအဘိုး နှစ်ယောက်လုံး အကြော်ပူပူလေးတွေစားချင်ကြတာပေါ့.. အကြော်ဆိုင်က လမ်ေးဘးမှာ မီးဖိုလေးချ ဗန်းကြီးထဲ အကြော်တွေထည့်ပြီးရောင်းနေတာပါ.. အကြော်ပူပူတွေ အိမ်ကိုဝယ်သွားစားကြမယ်ပေါ့… တစ်အိမ်သားလုံးစားဖို့ အကြော်တွေ ၀ယ်ရင်းအဖေကြီးဟာ အကြော်သည် အဒေါ်ကြီးနဲ့ စကားတွေ ကောင်းနေခဲ့ပါတယ်…အကြော်ပူပူကို ဖက်နဲ့ထုပ်ပြီး နှီးကြိုးနဲ့စည်းပေးပါတယ်… ဖက်က ဘာဖက်မှန်းကျွန်မ မသိပါ… ဒါပေမယ့် အကြော်ပူပူကိုဖက်နဲ့ထုပ်လိုက်တဲ့အချိန်မှာ ဖက်ဆီကနေ ထွက်လာတဲ့ အနံ့မွှေးမွှေးက ကျွန်မကို ဗိုက်ပိုဆာစေပါတယ်… အဖေကြီးလည်း စကားတွေကောင်းနေတာ… ကျွန်မ လက်လှမ်းကုပ်ပြီး အကြော်ထုပ်လှမ်းယူတော့ အသာတကြည်ဘဲပေးပါတယ်… ပြန်တော့မယ်နော်လို့ခပ်တိုးတိုးပြောပြီးတော့ ကျွန်မဟာ အကြော်ထုပ်ကြီးပိုက်ပြီး အိမ်ပြန်ခဲ့ပါတော့တယ်.. အပြန်လမ်းက အနည်းငယ်ဝေးနေသေးပေမယ့် ကံကောင်းစွာဘဲ မှတ်မိနေပြီး အိမ်ကိုချောချောမောမောရောက်သွားလို့ပေါ့… အိမ်ပြန်ရောက်တော့ အိမ်ကလူတွေက အံ့သြလို့ နင့်အဘိုးရောတဲ့… အကြော်သည်နဲ့စကားပြောရင်း ကျန်ခဲ့တယ် ဆိုတော့ အိမ်ကလူတွေက တဖြစ်တောက်တောက်ပေါ့ …ဖေဖေတို့များ အံ့သြပါရဲ့ ကလေးတစ်ယောက်တည်း ပြန်လွှတ်လိုက်တယ်ပေါ့… အဘိုးအတွက် ဦးချထားပြီး မစောင့်နိုင်တဲ့ အဆုံးအိမ်ကလူတွေလည်း အကြော်တွေစားနေကြတယ်… အဖေကြီးကတော့ ၇ နာရီလည်းပြန်မရောက် ၈ နာရီလည်းပြန်မရောက်.. အိမ်ကလူတွေကလည်း ကြာတော့ ဟဲ့ နင့်အဖိုးကို ပြန်တော့မယ်ဆိုတာ သေချာပြောခဲ့ရဲ့လားတဲ့… အင်းပြောခဲ့ပါတယ်ဆိုတော့ အိမ်ကလူတွေကလည်း ဘယ်များသွားနေလဲ ပေါ့… ည ၉ နာရီလောက်ကျတော့ အဖေကြီးပြန်ရောက်လာတယ်… ဘယ်ပြောကောင်းမလဲ ကျွန်မကိုလည်းတွေ့ရော ဒေါသတွေဖြစ်လိုက်တာ ဆိုတာ.. အရိုက်မခံရတာ ကံကောင်း… သူက ကျွန်မပြောတာမကြားဘူး… အကြော်ထုပ်တောင်းတော့လည်း နှိုက်စားချင်လို့တောင်းတယ်သာ ထင်တာတဲ့… စကားပြောပြီးလှည့်ကြည့်တော့ ကျွန်မမရှိတော့ လိုက်ရှာနေခဲ့တာ… အဲဒီတုန်းက ဖုန်းတွေလည်း လွိုင်ကော်မြို့မှာ ဆက်ဖို့မလွယ်သေး… မိုဘိုင်းလ်ဖုန်းလည်းမရှိတော့ခက်သားလားနော်… အဲဒီနေ့ညက တော့ အဖေကြီးဟာ စိတ်ဆိုးပြီး အစောကြီး အိပ်သွားခဲ့တယ်… အကြော်တွေလည်းမစားတော့ဘူး…

အဖေကြီး (၁)



ငယ်ငယ်လေးတည်းက သူများတွေက အဘိုးနဲ့အဘွားဘယ်သူ့ချစ်လဲဆိုရင် အဘွားချစ်တယ်လို့ အမြဲဖြေခဲ့တာ..အဘွားက အမြဲအလိုလိုက်အလျော့ပေးပြီး အဘိုးက တော့ စည်းကမ်းတင်းကျပ်.. သားသမီးတွေကြားထဲမှာ အဘိုးဟာ တစ်ဘက်စွန်းရောက်တယ်လို့ ခဏခဏအပြောခံရတဲ့ လူဆိုးကြီးဖြစ်ခဲ့တာကြောင့်များလား….
ဒါပေမယ့် အဘိုးမရှိတော့တဲ့နောက်ပိုင်းမှာ ကျွန်မဟာ ခဏခဏ အိပ်မက် မက်နေခဲ့ပြီး အဘိုးဆုံးမခဲ့တာတွေဟာ ကျွန်မတစ်ဘ၀လုံးလိုက်နာကျင့်သုံးနေတာတွေဖြစ်တော့တယ်.. အဘိုးကို ခဏခဏသတိရမိနေတတ်ပြီး ၀မ်းနည်းနေတတ်ခဲ့တယ်…
ကျွန်မဟာ အဘိုးကို အဖေကြီးလို့ခေါ်ပြီး အဘွားကို အမေကြီးလို့ခေါ်ခဲ့တယ်…
အဖေကြီးအကြောင်းတွေးမိတိုင်း ပထမဆုံးသတိရနေမိတတ်တာက မနက်ခင်းလေးနာရီခွဲလောက်မှာ ကြားရတဲ့ ကြေးစည်သံဖြစ်မယ်.. အမှန်အတိုင်းပြောရရင် ကလေးဘ၀ အအိပ်ကလည်းမက်တာမို့ နံနက်စောစော အိပ်ကောင်းနေတုန်းမှာကြားရတဲ့ အဲဒီကြေးစည်သံဟာ ကျွန်မအတွက်တော့ ကြည်နူးစရာမဖြစ်ခဲ့တာ အမှန်ပါ… အဖေကြီးဟာ မနက်ဆို (၃) နာရီကြီးထပြီး အမြဲဘုရားရှိခိုးပါတယ်… ၄း၃၀ လောက်ဆိုရင် အဖေကြီး ကြေးစည်တီးပြီပေါ့… ကျွန်မတို့ကျန်တဲ့ အိမ်သားတွေကတော့ ခဏတော့ နိုးသွားတတ်ကြပြီး ပြန်အိပ်ပျော်သွားကြတာမျိုးပါ.. ကျွန်မတို့ရန်ကင်းတိုက်ခန်းလေးရဲ့ အနောက်ဘက် ပြတင်းပေါက်က လှမ်းကြည့်ရင်ဈေးကိုမြင်နေရတယ်.. မနက်  ငါးနာရီလောက် စောစောထဖြစ်တဲ့ မနက်တွေမှာ ဈေးသည်တွေ မနက်ခင်း ဈေးရောင်းဖို့ပြင်နေကြတဲ့ အသံတွေ ကြားရပြီ… အဖေကြီးဟာ ကြေးပုတီး အကြီးကြီးကို ချောက်ချက်ချောက်ချက် နဲ့ မနက် (၆) နာရီ မထိုးခင်ထိစိပ်နေတတ်တယ်.. ပုတီးစမစိပ်ခင်ထဲက ထမင်းအိုးတည်ထားပြီးပြီ.. ရေနွေးအိုးတည်ထားပြီးပြီ…
ခြောက် နာရီထိုးရင်တော့ အရင်ဆုံးကျွန်မကို စခေါ်တော့တယ်… ကျွန်မ အိပ်တဲ့ အခန်းဝ နားလေးမှာ ကလကာ လေး အသာလှပ်ပြီး ပစောက်ရေ.. ပစောက်ရေ.. ကျွန်မကို နှိုးနေမှန်းသိရက်နဲ့ မကြားချင်ယောင်ဆောင်ပြီး ဆက်အိပ်တဲ့အခါ… ပစောက်..ပေါက်စရေ.. ဘာစားမလဲဟေ့ လို့ မေးတတ်တယ်..ကျွန်မလည်း အိပ်ချင်မူးတူးနဲ့ မုန့်ဟင်းခါး ပဲကြော် ဘဲဥ တစ်ခြမ်း …ဘဲဥက အိုးဘဲဥ ဟုတ်ဘူး ရိုးရိုးဘဲဥ လို့ အမြဲဖြေတတ်ပါတယ်… တစ်ခါတစ်ရံ ကျွန်မရဲ့ ၀မ်းကွဲညီမလေးနှစ်ယောက် ရန်ကင်းမှာ လာအိပ်ရင်တော့ အဘိုးဟာ မနက်ဆို ပစောက်ဖဦးထုပ် ဘလချိုက်တို့ရေ ဘာစားမလဲဟေ့လို့ မေးတတ်ပါတယ်..
ဈေးက အိမ်နဲ့နီးနီးလေးပါ.. အဖေကြီးကိုမသိတဲ့ဈေးသည်မရှိပါဘူး… အဘကြည်လို့ခေါ်ကြတယ်.. အဖေကြီးဟာ အိမ်သူအိမ်သားတွေအတွက် မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ၊ ကောက်ညှင်းပေါင်းစသည်ဖြင့် ၀ယ်တတ်ပေမယ့် သူကိုယ်တိုင်ကတော့ ပဲပြုတ်ထမင်းနယ်ကိုသာ စွဲစွဲမြဲမြဲ စားတတ်သူပါ… အဖေကြီးဈေးပြန်ရောက်တဲ့ အချိန်ဆို များသောအားဖြင့် ကျွန်မကတော့ မျက်နှာသစ်တုန်း   ရှိတတ်ပါတယ်..
ဈေးကနေ၀ယ်လာတဲ့ ဟင်းတွေကို အဖေကြီး ပြန်လာရင် ကျွန်မ မေမေ အဖေကြီးရဲ့ သမီးအကြီးဆုံးက ချက်ပါတယ်… တစ်ခါတစ်လေလည်း ရေခဲသေတ္တာထဲမှာ အသား၊ငါးတွေရှိနေရင် နံနက်အစောကြီးထဲက အဖေကြီးကိုယ်တိုင်ချက်ပြုတ်ထားပါတယ်.. ဟင်းစားဝယ်စရာ ရှိရှိ၊ မရှိရှိ အဖေကြီးဟာ ဈေးကိုတော့ အမြဲသွားပါတယ်..
အမေကြီးရှိတုန်းကတော့ အဖေကြီးဟာ အထီးကျန်သိပ်ဆန်ခဲ့မှာ မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်..သားသမီးမြေးတွေက မနက် ၈း၃၀ လောက်ကျ ရုံးသွားသူသွား၊ ကျောင်းသွားသူသွား အဲဒီအချိန်ကြရင်တော့ အဖေကြီး အမြဲတစ်ရေးပြန်အိပ်လေ့ရှိတယ်… တယ်လီဖုန်းတွေ မပေါ်ခင်ကတော့ အဖေကြီးဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့မယ်ထင်တယ်… အိမ်မှာ ကြိုးဖုန်းတပ်လိုက်တဲ့ အချိန်ကစပြီး အဖေကြီး ဒုက္ခရောက်ပါတော့တယ်.. ဖုန်းမြည်သံကြားရင် ကိုင်ရမှ တာဝန်ကျေတယ်လို့ထင်တဲ့ ကျွန်မရဲ့ အဖိုးဟာ အိပ်နေရာကထပြီး အိမ်ရှေ့ခန်းကိုထွက်လာ ဖုန်းကိုင်ပါတယ်… ကံဆိုးတာတစ်ခုက ကျွန်မတို့အိမ်ရဲ့ ဖုန်းနံပါတ်ဟာ သွင်အဆင့်မြင့် ရုပ်ရှင်ရုံရဲ့ ဖုန်းနဲ့ တစ်လုံးဘဲကွာတယ်လေ.. နေ့စဉ် အနည်းဆုံး သုံးခေါက်လောက် ဖုန်းမှားကြတာပေါ့…  ဖုန်းကိုင်လိုက်တယ်ဆိုရင်ဘဲ အစ်မရေ ဒီနေ့ဘာကားတင်လဲဆိုတာ ကို အမြဲကြားရလေ့ရှိတယ်… စနေတနင်္ဂနွေ ပိတ်ရက်တွေဆိုရင်တော့ ဒီဒဏ်ကို ကျွန်မခံရတာပေါ့…
နေ့လည် ၁၁ နာရီလောက်ဆိုရင်တော့ အဖေကြီး အိပ်ယာပြန်ထပြီးရေချိုးထမင်းစား လုပ်ပါတယ်.. ပြီးရင်တော့ ၀ရန်တာမှာ ပက်လက်ကုလားထိုင်လေးခင်း ရေဒီယိုလေးဖွင့် စာဖတ်ပါတော့တယ်… စာဖတ်လို့မျက်စိညောင်းလာတဲ့ အခါ… ပုတီးပြန်စိတ်ပါတယ်… အိမ်မှာ အစောဆုံးပြန်ရောက်တာ ညနေ ၃ နာရီကျောင်းဆင်းတဲ့ ကျွန်မပါ… ကျွန်မ ကျောင်းကပြန်ရောက်ရင် ဖေကြီး ဘာမုန့်ရှိလဲလို့ အမြဲ မေးတတ်ပါတယ်.. မေးလိုက်တိုင်းလည်း ကျွန်မအတွက် မုန့်တစ်မျိုး မဟုတ် တစ်မျိုး အမြဲရှိတတ်ပါတယ်.. တစ်ခါတစ်လေမှာ ဆီထမင်း… တစ်ခါတစ်လေ တော့လည်း အိမ်ရှေ့မှာ ခေါင်းရွက်ဗျက်ထိုး အော်ရောင်းတဲ့ မုန့်လက်ကောက် ရွှေရင်အေးစသည်ဖြင့် ၀ယ်ထားတတ်ပါတယ်… ဒါပေမယ့် ဒီလိုအိမ်မှာဘယ်သူမှ မရှိတုန်း ဈေးသည်တွေခေါ်ခေါ်ဝယ်တာကို မေမေတို့သားသမီးများက မကြိုက်ပါဘူး… အဖေနော်… အဘိုးကြီးတစ်ယောက်ထဲဆိုပြီး ရိုက်နှက် ပစ္စည်းများလုသွားဘယ်လိုလုပ်မလဲ… ခေတ်ကြီးကကောင်းတာ မဟုတ်ဘူးဆိုပြီး အဖေကြီးခဗျာ သားသမီးတွေဆူတာ အမြဲခံရပါတယ်…
အဖေကြီးချက်တဲ့ဟင်းတွေထဲက ကျွန်မ အကြိုက်ဆုံးဟင်းနှစ်မျိုးက တော့ ငါးသလောက် ချဉ်ရည်ဟင်းနဲ့ ဘာဂျီကျော် ပါ… ကျွန်မ ငါးဟင်းမကြိုက်ပါဘူး… ငါးသလောက်ဆိုရင်တော့ ပေါင်းအိုးကြီးနဲ့ ပေါင်းမှ ကြိုက်ပါတယ်… ဒါပေမယ့် ဖေကြီးချက်တဲ့ ငါးသလောက်ချဉ်ရည်ဟင်းကိုတော့ ကျွန်မ အရမ်းကြိုက်ပါတယ်… ဘာဂျီကျော်ဆိုတာတော့ အာလူး၊ ပဲသီး၊ မျှစ်၊ ရုံးပတီသီး စတာတွေကို ငရုတ်သီးစိမ်းထက်ခြမ်းခွဲထည့်ပြီး ရောကျော်ထားတာပါ… အရသာခပ်စပ်စပ်လေးနဲ့ စားလို့ကောင်းပါတယ်…
မှတ်မှတ်ရရ ကျွန်မ ငယ်ငယ်က တိုက်ဖွိုက်ဖြစ်တော့ အဖတ်မစားရပါဘူး.. အရည်တွေဘဲတောက်လျှောက်သောက်နေရတယ်… ပျောက်သလောက်ဖြစ်တဲ့အချိန်မှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ မေမေက လုံးဝ အစာအမာတော့ မကျွေးသေးပါဘူး… ကွေကာအုပ်လေးတော့ တိုက်နေပါပြီ.. ကျွန်မလည်းရက်ရှည်လများဆိုတော့ထမင်းစားချင်လှပါပြီ… အဲဒီနေ့ညနေ မေမေ ရေချိုးခန်းထဲ ၀င်သွားတုန်း ကျွန်မရဲ့ အဖိုးဟာ သူစားနေကြ ဖိုင်ဘာဇလုံအပြာလေးနဲ့ ထမင်းစားနေခဲ့တယ်.. ငါးသလောက် ချဉ်ရည်ဟင်းချက်တဲ့နေ့ပါ.. ကျွန်မ ထမင်းအရမ်းစားချင်နေတာ သိလို့ထင်ပါတယ်… အဖေကြီး စိတ်မကောင်းဖြစ်သွားတယ်… အဖေကြီး သမီးကို ထမင်းတစ်လုပ်လောက် ခွံပါလားဆိုတော့ သူတော်တော် စိတ်မကောင်းဖြစ်သွားတယ်ထင်ပါတယ်… စားလက်စ ထမင်းလုပ်ကိုကြည့်ရင်း ဝေခွဲမရဖြစ်သွားတယ်.. နောက်တော့ နင်ဒီတစ်လုပ်ဘဲစား သေချာညက်အောင်ဝါးဆိုပြီး တစ်လုပ်ခွံပါတယ်… ငါးချဉ်ရည်နဲ့ နယ်ထားပြီး ငါးအသားဖတ်လေးတွေပါတဲ့ အဲဒီထမင်းလုပ်ဟာ အရမ်းအရသာရှိပါတယ်… ကျွန်မ အဖိုးရဲ့ မေတ္တာနဲ့ ကျွေးတဲ့ ထမင်းမို့ထင်ပါတယ်… ကျွန်မလည်းနောက်နေ့ကစပြီးနေကောင်းပြီး မကြာခင်မှာ ထမင်း ပြန်စားခွင့်ရသွားခဲ့တယ်..
ဆက်ပါဦးမည်………………..

Friday, August 17, 2012

အချစ်ရိပ်ညနေ

စနေနေ့ရဲ့မနက်ခင်းကို အချစ်ရိပ်ညနေ သီချင်းနဲ့ ဖွင့်တာဆိုတော့ သိပ်တော့ မဆီလျော်လှဘူး.. ဒါပေမယ့် facebook မှာ သူငယ်ချင်းတစ်ယောက်တင်ထားတာ နားထောင်ရင်းနဲ့ ဒီမှာလည်း ပြန် share ပေးလိုက်တယ်နော်....
http://www.youtube.com/watch?v=cB2V8Qy6OCs

Wednesday, May 9, 2012

ရောက်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံရဲ့ မြို့လေးတွေ...(၂)

စစ်တွေ..(သို့မဟုတ်)စိုက်တွေ 
လောလောလတ်လတ်သွားခဲ့ရတဲ့...မြို့လေးတွေထဲမှာ...သတိရနေမိပြန်တာက..စစ်တွေပေါ့...စစ်တွေ....သူတို့အခေါ်တော့...စိုက်တွေတဲ့..... 
တကယ်လို့သာငယ်ငယ်တုန်းက..စာမေးပွဲမှာမေးသလိုမျိုး...စစ်တွေမြို့၏ထူးခြားချက်များကိုေ၇းပါ ဆိုလို့ကတော့.....ဘယ်လိုပင်နေပူသော်လည်း...လေတိုက်တိုင်းအေးနေတယ်ဆိုတာတွေရယ်.....တစ်မြို့လုံးမှာဆိုက်ကားတွေ...အရမ်းများတာရယ်...အဲဒါတွေထည့်ဖြေမိမှာဘဲ...... 
ဒီစစ်တွေခ၇ီးကတော့အလည်သက်သက်မဟုတ်ခဲ့ဘူး...... 
မေးခွန်းလည်းပို့ရင်း..စာလည်းသင်ရင်းတာဝန်နဲ့သွားခဲ့တာ.....အရင်တုန်းကတော့...လေးလေးရောက်တဲ့မြို့တိုင်းကို...လိုက်လည်နေကြ..လေးလေးရခိုင်ပြည်နယ်...အမ်းမှာတာဝန်ကျတော့..ထုံးစံအတိုင်းလာလည်ဖို့ခေါ်တယ်...ဒါပေမယ့်....camp နဲ့ဆိုတော့ လိုက်ဖို့အဆင်မပြေခဲ့ဘူး.. 
လေးလေး...ရခိုင်ပြည်နယ်မှာ...မရှိတော့မှဘဲ...ရခိုင်ပြည်နယ်ကိုရောက်ဖြစ်တော့တယ်..... 
ပထမဆုံးကြုံတွေ့ရတဲ့...အတွေ့အကြုံကတော့...ဘယ်တော့မှ...လေယာဉ်စီးလို့...မမူးတတ်တဲ့..ငါက..ဒီတစ်ခါတော့..ဖော်ကာလေယာဉ်ရဲ့...အစွမ်းပြမှုအောက်မှာ...မူးလည်းမူးပြီး..နားတွေလည်းအူနေမိတယ်.... 
လေယာဉ်ကွင်းကတော့...နယ်မြို့လေးတွေရဲ့...ပုံမှန်လေယာဉ်ကွင်းပုံစံမျိုးဘဲ.... 
လေဆိပ်ရောက်တော့...တည်းမယ့်နေရာနဲ့ မှတ်ပုံတင်နဲ့ပြောရတော့...နားတွေအရမ်းအူနေလို့...သူတို့ပြောတာကိုမနည်းနားထောင်နေရတယ်.... 
ဒါပေမယ့်....အဲဒီအမောတွေအားလုံးကလေ....ကစ္ဆကနဒီကိုမြင်လိုက်ရတဲ့အချိန်မှာ...အားလုံးပျောက်သွားတယ်လို့ပြောရင်လွန်သွားမလား.......အရမ်းလှတဲ့..ကစ္ဆပနဒီ.....ကိုင်ဇာ့သီချင်းကိုသတိရမိတယ်...ပြီးတော့ငယ်ငယ်တုန်းကကြည့်ဖူးခဲ့တဲ့...ရုပ်ရှင်လေး.....မေသန်းနုရယ်..ရန်အောင်ရယ်...စိုးသူရယ်....နန္ဒာလှိုင်ရယ်.....အဲဒီကားမှာ..စိုးသူက...အရမ်းသွေးကြီးတဲ့..မျိုးချစ်စိတ်ပြင်းတဲ့..ရခိုင်အမျိုးသား....လာကြိုတဲ့အမက...အရမ်းကျေးဇူးတင်ဖို့ကောင်းတယ်...ကျေုာင်းကိုသွားတဲ့လမ်းကို တမင်ကမ်းနားလမ်းကနေ...မောင်းသွားပေးခဲ့တာ......လှလိုက်တာလို့ပြောတော့...သူကပြောတယ်..ဟုတ်တယ်....လှတယ်လို့မပြောဘဲမနေနိုင်ကြဘူးတဲ့......
ကားပေါ်က ဆင်းပြီးကြည့်မိတော့… ဟိုးကမ်းခြေဆီမှာ…လူတချို့… လှေပေါ်ကနေ.. တောင်းတွေကိုဆွဲပြီး..ဆင်းလာကြတယ်….ကားလမ်းဘေးထိရောက်အောင်တောင်းတွေကိုဆွဲလာကြတော့… လာကြိုတဲ့အစ်မက သူတို့ကိုအော်မေးလိုက်တယ်…. 
“Tiger ပါလားဟေ့”…သူတို့ပြန်ဖြေတယ်… ”tiger မပါ..ပါ” 
Tiger ဆိုတာက…ဒီစစ်တွေမှာတော့ အရမ်းပေါတဲ့…ပုစွန်ထုပ်အကြီးကြီးတွေ….ကိုခေါ်တာတဲ့……. 
ယောက်ကျားလေးနှစ်ယောက်ဆွဲတာတောင်..မနည်းဆွဲရတဲ့…တောင်းအလေးကြီးတွေ…… 
အဲဒီတောင်းတွေထဲမှာ…..ငါးတွေ…ပုစွန်တွေ….ကင်းမွန်တွေ..မျိုးစုံရောနေကြတယ်…..ဒါတွေကိုသူတို့…ခွဲထုတ်ရဦးမှာ… အမျိုးအစားလည်းရွေးရမယ်….အကြီးအသေးလည်းရွေးရမယ်…. 
ဒီလိုတောင်းအကြီးကြီးတွေထဲက…ငါးတွေပုစွန်တွေပြန်ရွေးရမယ်ဆိုတော့…တော်တော်အချိန်ယူရမှာဘဲ…… 
ဟုတ်တယ်…အရင်တုန်းကတော့…မစဉ်းစားမိခဲ့ဘူး……ငါးတွေပုစွန်တွေကောင်းကောင်းစားတတ်သားဘဲ…..ဒီငါးတွေပုစွန်တွေ…ကိုလှေတွေနဲ့ပိုက်ချပြီးဖမ်းမယ်ဆိုတာလည်းတွေးမိသားဘဲ…..ဒါပေမယ့်…အဲဒီပိုက်ထဲမှာပါလာတဲ့….ငါးတွေပုစွန်တွေက…အများကြီးရောနေပြီး…သူတို့တွေအကြာကြီးခွဲထုတ်ရမယ်ဆိုတာကိုဘဲမတွေးမိတာ…..တကယ်လို့…ရေထဲမှာသွားနေကြတဲ့…ငါးအုပ်လိုက်ကြီးကိုဖမ်းမိတဲ့အချိန်မျိုးဆိုရင်တော့…သိပ်ပြီးပြန်ခွဲစရာလိုတော့မှာမဟုတ်ဘူး…….. 
ကျောင်းကိုရောက်လို့..အပ်စရာရှိတာတွေအပ်နှံပြီးတော့……တည်းရမယ့်အခန်းလေးကိုရောက်ခဲ့တယ်…….. 
ကျောင်းရဲ့အနောက်မှာ….church ကျောင်းတွေရှိတယ်….. 
churchကျောင်းထဲမှာကလေးတွေက…ငယ်ငယ်တုန်းကတို့တွေကစားတဲ့….LONDON ကစားနည်းကစားနေကြတယ်……. 
ကစားနည်းလေးကတော့…အားလုံးသိကြတဲ့အတိုင်းရိုးရိုးလေးပါဘဲ… 
လိုက်ရတဲ့သူက..ကျန်တဲ့လူအားလုံးကိုကျောခိုင်းပြီးရပ်နေရတယ်…..ပြီးတော့သူကမေးရတယ်…….စည်းကျော်တဲ့သူရှိလား…. 
ကျန်တဲ့သူတွေကအော်တယ်….မရှိဘူး…..လိုက်တဲ့သူကကျောခိုင်းရပ်နေတဲ့အချိန်မှာ…LONDON လို့အော်တယ်…တချို့တွေကလည်း.. ဒီနေရာမှာ….၁၂၃၄၅၆၇၈၉၁၀ လို့အော်တယ်…အဲဒီလိုအော်နေတဲ့အချိန်မှာ…..ကျန်တဲ့သူတွေက…သူ့ဆီကိုပြေးသွားကြတယ်….သူပြန်လှည့်ကြည့်လိုက်ရင်ပုံစံမပျက် တမ်းကျောက်ရုပ်လိုရပ်နေကြတယ်…..ရယ်လို့မရဘူး…လှုပ်လို့မရဘူး….ဒီကစားနည်းလေးကိုဘဲ…ကလေးတွေဆော့နေကြတယ်….. 
ဒါပေမယ့်သူတို့က….ရခိုင်လိုအော်တယ်…. 
စည်းကျော်သူရှိလား 
မရှိပါ 
တိုက် 
နှိုက် 
သုံး 
လေး 
ငါး 
ခရောက် 
ခွန်နှိုက် 
ရှိုက် 
ကိုး 


တစ်နေ့မှာပေါ့….ကျောင်းက အမတစ်ယောက်ဈေးသွားတော့….ဈေးကိုလိုက်သွားခဲ့တယ်…… 
တစ်မြို့လုံးရဲ့…အကြီးဆုံးဈေးက..ကမ်းနားမှာရှိတယ်…… 
အမက…..မုန့်ဟင်းခါးစားမလားတဲ့…. 
တစ်မြို့လုံးမှာ…ရခိုင်မုန့်တီဆိုင်တွေဘဲရှိတယ်….မြန်မာမုန့်ဟင်းခါးဆိုလို့..ဈေးထဲမှာ တစ်ဆိုင်ဘဲရှိတယ်….. 
လမ်းသွယ်လေးတွေထဲမှာ….လမ်းကြားထဲမှာ….လမ်းမပေါ်မှာ….ရခိုင်မုန့်တီဆိုင်တွေ…. 
နေ့ည…မရွေး ရခိုင်မုန့်တီစားကြတယ်….ရန်ကုန်မှာတော့….ညနေဘက်တွေလောက်ပဲ..အာပူလျှာပူလို့ခေါ်တဲ့…ရခိုင်မုန့်တီကို စားကြတာလေ……. 
မြို့ထဲက…ရခိုင်မုန့်တီဆိုင်တဆိုင်ကတော့ ထူးဆန်းတယ်….၀က်ဆီဖတ်နဲ့ရတယ်….ရန်ကုန်မှာလည်း….မင်းလမ်းရခိုင်မုန့်တီဆိုင်မှာ…၀က်ဆီဖတ်နဲ့စားလို့ရတယ်….. 
ဒါပေမယ့်….မကြိုက်ပါဘူး….မုန့်တီဘဲဖြစ်ဖြစ်…မုန့်ဟင်းခါးဘဲဖြစ်ဖြစ်…ငါးနဲ့ဘဲကြိုက်တယ်…. 
ရန်ကုန်မှာတုန်းက…အန်တီလေးတစ်ခါပြောတာ သတိရမိတယ်…..အဲဒီတုန်းက…အန်တီလေး စစ်တွေသွားပြီးပြန်လာတာ….သမီးရေ..စစ်တွေက ထူးဆန်းတယ်…ရခိုင်မုန့်တီသောက်မလို့…လိုက်၇ှာတာ.. ၀က်ဆီဖတ်နဲ့ဘဲရလို့..မသောက်ခဲ့ဘူးတဲ့….အမှန်တော့…အဲဒီလိုမဟုတ်လောက်ဘူး…ဒီဆိုင်က နာမည်ကြီးတော့ တစ်ယောက်ယောက်က..အန်တီလေးကို ညွှန်းလိုက်တာနေမှာ…..ငါးစစ်စစ်လတ်လတ်ဆတ်ဆတ်နဲ့ချက်တဲ့..ဆိုင်တွေမှအများကြီးဘဲ…. 
ဈေးထဲမှာ…သားငါးတန်းကိုရောက်တော့…လူနှစ်ယောက်က….ငါးအကြီးကြီးသုံးကောင်ကို ဆွဲပြီးကမ်းနားဘက်ကနေတက်လာကြတယ်…. 
ပြီးတော.၀ုန်းကနဲ အဲဒီငါးတွေကို…သားငါးတန်းတွေကြားထဲက…လူသွားလမ်းပေါ်ပစ်ချလိုက်တယ်…. 
ပြီးတော့…လေးသောင်းလေးသောင်း ဆိုပြီး အော်နေတယ်…ချက်ခြင်းဘဲ သူတို့နားမှာ လူတွေဝိုင်းသွားကြတယ်…. 
သိပ်မကြာဘူး….ဈေးထဲက..ငါးသည်တစ်ယောက်က ချက်ခြင်းဘဲ…အဲဒီငါးတွေအားလုံးကို…ယူလိုက်တယ်…… 
ငါးတွေက..လူးလွန့်နေတုန်းဘဲ…..ငါးရောင်းတဲ့ အဒေါ်ကြီးက…ချက်ခြင်းငါးတွေကို ကိုင်ဖို့လုပ်နေတယ်…….. 
အမ..က ဘယ်လိုလဲ…၀ယ်ရမှာလားဆိုတဲ့…ပုံစံမျိုးနဲ့မေးတော့…….တော်ပြီ…တော်ပြီ….ဒီနေ့တော့…အသီးအရွက်ဘဲစားရအောင်….ဆိုတော့…အမကလည်းချက်ခြင်းဘဲ သဘောတူတယ်…. 
ဈေးထဲမှာ…အပေါဆုံးကတော့..ပင်လယ်စာတွေဘဲ….အစားအသောက်ကတော့…အလွန်ပေါသောမြို့လေးပါ… 
ရောက်စတုန်းက…တစ်ခါတွေးမိတာရှိတယ်…..စစ်တွေမှာ… ဆိုက်ကားတွေအရမ်းပေါတယ်…. သူတို့မြို့ကလူတွေဘယ်သွားသွားဆိုက်ကားကို အလွန်စီးကြတယ်…. မင်္ဂလာဆောင်သွားတာတောင်ဆိုက်ကားနဲ့… ဆိုက်ကားကလည်းလေ…တစ်မြို့လုံးစီးပါမှ…နှစ်ရာ…သုံးရာ…ကျပ်ရယ်… 
ငါဆိုတာက လည်းလေ…ရန်ကုန်မှာဆိုလို့ကတော့….ဆိုက်ကားဆိုလုံးဝမစီး….ဆိုက်ကားစီးရတာ…ရှက်စရာလို့ထင်လို့ မစီးတာတော့ မဟုတ်ပါဘူး….ဟိုနားဒီနားသွားဒီလိုဘဲ စီးနေကြတာပါဘဲလေ…. 
ဒါပေမယ့်…လူတစ်ယောက်ခရီးရောက်ဖို့ကို..ကျန်တဲ့လူတစ်ယောက်က..ချွေးဒီးဒီးကြအောင်နင်းနေရတာကို…မစီးချင်တာ…. 
ငယ်ငယ်တုန်းက…ဆရာ..မြသန်းတင့်ဘာသာပြန်တဲ့…..သုခမြို့တော်….မူရင်းကတော့..the city of joy တဲ့….ငါသုံးခေါက်တိတိဖတ်ခဲ့တယ်….အိန္ဒိယက…အရမ်းဆင်းရဲတဲ့..မိသားစုတစ်စု….ကာလကတ္တားကို တက်လာ…မိသားစု စားဝတ်နေရေးအတွက်…အဖေက…လန်ချားဆွဲရတယ်….လန်ချားစီးတဲ့လူတွေက…လန်ချားဆိုတဲ့ယာဉ်ကိုစီးနေကြတာမဟုတ်ဘူး..လူကိုစီးနေကြတာ….တကယ်တော့…စာရေးဆရာက…အရမ်းတော်လို့နေမှာပါ…..၀တ္ထုထဲက… ဇာတ်ကောင်ရဲ့ စိတ်နာကျင်မှု…ငါလည်းထပ်တူ ခံစားရတယ်…. အဲဒီလောက်တော့…မဆိုးပေမယ့်… ဆိုက်ကားတွေကိုမြင်တိုင်း..ဒီမြင်ကွင်းကို… သွားသတိရတယ်….ဒါကြောင့်လည်း သိပ်မဝေးတဲ့ ခရီးတွေဆို..ငါလမ်းလျှောက်တယ်…. 
ဒါပေမယ့်…ရောမရောက်ရင်ရောမလို ကျင့်ရသတဲ့…ငယ်ငယ်တုန်းကလို ဆိုရင်တော့….ရွဲ့ဖြေမှာပေါ့…သမီးရောမကို..မသွားဘူးလို့….. 
တစ်ခါတလေတော့….လူဆိုတာလည်း…လူ့ပတ်ဝန်းကျင်မှာ…သဟဇာတဖြစ်အောင်နေထိုင်ရင်း…ပတ်ဝန်းကျင်ရဲ့…ပြုပြင်ပြောင်းလဲမှုကို…ခံရတတ်တယ်….ကိုယ့်..စိတ်ခံစားချက်တွေအတိုင်းဘဲနေရင်….ကြီးကျယ်တဲ့သူ….ဂွကျတဲ့သူဖြစ်သွားမှာလေ…… 
ဒါကြောင့်မို့….စစ်တွေမှာတော့…..အကြိမ်ပေါင်းများစွာ…ဆိုက်ကားစီးဖြစ်တယ်…တစ်နေရာရာကိုသွားချင်တိုင်း….ပေါ့ 
နယ်တွေမှာက…ရန်ကုန်မှာလို..taxi မရှိဘူး….Bus မရှိဘူး…စက်ဘီး….ဆိုင်ကယ်…အရမ်းပေါတယ်……. တစ်နေရာကိုသွားချင်တိုင်း….စက်ဘီး…ဆိုင်ကယ်မောင်းပြီးလိုက်ပို့မယ့်သူရှာနေမှာကလည်း အဆင်မပြေဘူး…..အားလည်းအားနာစရာ… 
ဒီမှာက….တော်သေးတာပေါ့……ဆိုက်ဂျဲရိုးတွေကြောင့်လေ…….. 
မအူပင်သွားတုန်းကဆို….သူငယ်ချင်းက….ဘုရားတွေကိုလည်းလိုက်ပို့ချင်….ကိုယ်ကလည်း..စက်ဘီးမစီး…ဆိုင်ကယ်မစီးတတ်….သူကတင်နင်းရတယ်…ပိုဆိုးတာက…တော်တော်ကို ညံ့တဲ့ငါက…သူစက်ဘီးနင်းပြီး ဘီးလှိမ့်စမှာ…ပြေးပြီးမတက်တက်ဘူး….တော်တော်ဆိုးတယ်….. 
ပြီးတော့သူ့ကိုအားနာပြီးအနောက်မှာ..လှုပ်လည်းမလှုပ်ရဲ…တောင့်တောင့်ကြီး….လိုက်ရတယ်….. 
ဒါနဲ့….ဒီနေရာမှာ…..မေးစရာတစ်ခုရှိသွားတယ်…..တစ်မြို့လုံးမှာ…ဆိုက်ကားနင်းတယ်ဆိုတဲ့ စီးပွားရေးကိုလုပ်တဲ့ သူကလည်းများတယ်…..တစ်နေ့လုံးနင်းပါမှ…လေးငါးရာ….ရတဲ့သူတွေ….ဘယ်လိုများစားလဲပေါ့….သူ့ဒေသနဲ့သူကတော့…ဟုတ်နေတာပါဘဲ….ငါးလေးတစ်ပုံ….ပုစွန်လေးတစ်ပုံ…တစ်ပုံမှတစ်ရာရယ်…..မချမ်းသာပေမယ့် စားလို့တော့ဖြစ်နေကြတာပေါ့လေ……. 
ဟင်းသီးဟင်းရွက်ကလည်း အလွန်ပေါတဲ့စိုက်တွေ…ဆိုတော့လည်းလေ…… 
ပြန်ခါနီးတနေ့မှာပေါ့..ကျောင်းကအမက...ပြောလာတယ်...ဒီနေ့တော့သူလည်းအားတယ်ဆိုတော့..ဘယ်တွေသွားချင်လည်းလိုက်ပို့ပေးမယ်တဲ့....ကမ်းခြေသွားချင်တယ်လို့ပြောလိုက်တယ်... 
ပြီးတော့ view point လည်းသွားချင်သေးတယ်လို့.... 
အဲဒါနဲ့ဘဲ...အစီအစဉ်တွေ..ဆွဲလိုက်ကြတယ်....ညနေကျရင်.....ကမ်းခြေသွားမယ်....ကမ်းခြေကနေ...view point အထိလမ်းလျှောက်ကြမယ်...ပြီးတော့....ကမ်းခြေမှာ...ဓာတ်ပုံရိုက်မယ်...အုန်းရေသောက်မယ်...အုန်းသီးဇွန်းခြစ်စားမယ်ပေါ့.....view point ကနေအပြန်ကိုတော့....စစ်တွေရဲ့အဓိက..သယ်ယူပို့ဆောင်ရေးဖြစ်တဲ့....ဆိုက်ကားနဲ့ပြန်မယ်ပေါ့လေ..... 
အမက...တနေကုန်အားနေတာဆိုတော့...နေ့လည်ရောဘယ်သွားချင်သေးလဲတဲ့.... 
ဟိုဘက်ဆောင်က..အမတွေက...နာဇီဈေးဆိုတာကို...ဒီနေ့သွားကြမှာတဲ့...အဲဒါလိုက်သွားချင်လားတဲ့..... 
အဲင်္ဒီမှာ...ဘာတွေရှိလဲဆိုတော့....ဘင်္ဂလားဘက်ကလာတဲ့.....ဘင်္ဂလားပါတိတ်ဆိုတာတွေအရမ်းပေါသတဲ့..... 
အင်းသွားမယ်လေ....ရောက်ဖူးသွားတာပေါ့လို့ပြောပြီး...သွားဖို့...အစီအစဉ်တွေဆွဲလိုက်ကြတယ်..... 
ဒါနဲ့ဘဲ....အဲဒီနာဇီဈေးကိုရောက်သွားရော....ဆိုကြပါတော့...... 
ဈေးကို....စ၀င်လိုက်တည်းက....ဒီဈေးမှာဘာပေါလဲဆိုတာကို...မေးစရာမလိုအောင်သိလိုက်မိတယ်..... 
ငါရောက်နေတာ....မြန်မာနိုင်ငံမှာတည်ရှိနေသော...အဓိက...မြို့တော်တမြို့ရဲ့...ဈေးမှဟုတ်ပါလေစ..... 
တဈေးလုံးမြန်မာဆိုလို့...ငါတို့ဘဲရှိမယ်ထင်တယ်.....အမျိုးသမီးတွေအားလုံးဆာရီဝတ်ထားတယ်ဆိုတော့.... 
ဆာရီမ၀တ်ထားတာ...ငါတို့ဘဲရှိတာပေါ့လေ... 
သူတို့ပြောတဲ့စကားတွေကိုနားမလည်ဘူး.... 
အဲဒါက....ရခိုင်လိုပြောလို့....နားမလည်တာမဟုတ်ဘူး...ပေါတော့ပေါပါတယ်....ဘင်္ဂလားဘက်ကနေ၀င်တဲ့...ပါတိတ်တွေ....တကွင်းမှ...၁၅၀၀...တဲ့...အရောင်တွေက...မွဲတဲတဲလေးတွေ....အမတစ်ယောက်ကတော့...၀ယ်ဖို့...စိတ်ဝင်စားနေလေ၇ဲ့...အိမ်နေရင်းအကြမ်းဝတ်လို့ရတယ်....၀တ်လို့ကောင်း....လကိဆောင်ပေးလို့ကောင်းတယ်ဆိုပြီးတော့လေ....ဘာပစ္စည်းမေးလိုက်....မေးလိုက်...ဒါက...ဘင်္ဂလာက...၀င်တာတဲ့.... 
ဈေးကအပြန်မှာတော့လက်ထဲမှာ...ဘာပစ္စည်းမှမပါလာကြဘူး.....စိတ်ညစ်လက်ညစ်နဲ့ပြန်လာကြတယ်..... 
အဲဒီလိုမျိုးကို....တခြားလူတွေရော...ခံစားဖူးလားတော့...မသိဘူး...ငါကတော့...ခံစားရတယ်...မြန်မာနိုင်ငံရဲ့...နယ်စပ်မြို့လေးဖြစ်တဲ့....ဘူးသီးတောင်...မောင်းတော...နေထိုင်သူဦးရေ...၁%...မြန်မာ ( ရခိုင်+ မြန်မာ ).....၉၉% ( ဘင်္ဂလာ ဘက်ကလာတဲ့သူများ+အိန္ဒိယဘက်မှလာသူများ...)...ရခိုင်ကနေပြန်ရောက်လို့....အဆောင်ပြန်ရောက်ပြီး.....တနင်္ဂနွေတရက်....အိမ်ကိုပြန်ဖြစ်တဲ့...အခါမှာ...အဲဒီကိစ္စကိုပြောပြမိတော့....မေမေက...ရယ်ရင်းနဲ့..ပြောတယ်........အဲဒီ...၁%မှာက...အဲဒီဒေသမှာတာဝန်ကျနေလို့....မသွားမဖြစ်လို့...သွားရသူတွေဘဲဖြစ်နေဦးမယ်တဲ့.....မေမေရယ်တာက....ဟာသတစ်ခုလို့...သတ်မှတ်လို့...ရယ်တာမဟုတ်မှန်းတော့...သိနေမိပါတယ်.... 
အဲဒီနေ့နေ့လည်က...ကျောင်းထဲက...အရိပ်ရတဲ့သစ်ပင်တပင်ရဲ့အောက်က...ကွပ်ပျစ်ပေါ်မှာထိုင်နေရင်း..ကျောင်းက...အမနဲ့..စကားပြောနေမိတယ်.... 
အဆောင်ကနေ..ကော်ဖီဖျော်လာပြီး...သစ်ပင်အောက်မှာလာသောက်ကြတာလေ.....သစ်ပင်က.ခြံစည်းရိုးလေး..အဲဒီ..ခြံစည်းရိုးကနေပြီး....လမ်းဟိုဘက်မှာရှိတဲ့...လက္ဘက်ရည်ဆိုင်ကို...မုန့်လှမ်းမှာလို့ရတယ်.... 
ခါဂျာမုန့်ဘဲစားစား....ပဲပလာတာ ဘဲစားစား.....၀က်သားကောက်ညှင်းထုပ်ဘဲစားစား....တစ်ခုမှ...တစ်ရာရယ်.... 
တချို့...မနက်ခင်းတွေမှာဆို...တစ်ယောက်တည်းအဲဒီဆိုင်မှာ...သွားထိုင်ဖြစ်တယ်... 
ရန်ကုန်မှာ...ဆိုရင်တော့...တစ်ယောက်တည်း...လက္ဘက်ရည်ဆိုင်ထိုင်ဖို့...ဘယ်တုန်းကမှ..စဉ်းစားမိမှာ...မဟုတ်ဘူး.......ဒီမှာတော့...မတူဘူး...ကျေုာင်းရှေ့ကဆိုင်မို့လို့...လည်းပါမယ်...ဒီဝင်းထဲက ထွက်လာ၇င်ကို...ဒီကျောင်းမှာ..ရှိတဲ့...တာဝန်ကျနေတဲ့လူဆိုတာ...သိပြီးသားလေ...ပြီးတော့ဆိုင်ကလူရှင်းတာလညိးပါမယ်...အိပ်ယာကနိုးလို့....မနက်....ခြောက်နာရီ..ရေချိုးပြီးဘုရားရှိခိုးပြီးရင်...အမလည်းမနိုးသေးဘူးဆိုရင်...ထွက်လာလိုက်ရော....ထမင်းကြော်..ကြက်ဥကျေိာ...ကော်ဖီ...အားလုံးမှ..ခြောက်ရာ....စစချင်းစားတဲ့နေ့တုန်းကတော့....ခရောက်ရာလို့ပြောတဲ့...စားပွဲထိုး..ကလေးလေးပြောတာကိုနားမလည်လို့...နှစ်ခေါက်လောက်ပြန်မေးရတယ်.....ပြန်လာလို့...အမအတွက်မုန့်ဝယ်လာရင်...အမက...ဘာလို့တယောက်တည်းသွားတာလဲ...နှိုးလိုက်ရောပေါ့ဆိုရင်...ရခိုင်သီချင်းနားထောင်ချင်လို့ဆိုပြီးပြန်ပြောရတယ်...ဆိုင်မှာက...ရခိုင်သီချင်းတွေအမြဲဖွင့်ထားတယ်.....နားမလည်ပေမယ့်...နားထောင်လို့ကောင်းတယ်.....သဘောကျတယ်...ဒါကတော့...သိတယ်မဟုတ်လား...ရှမ်းပြည်ရောက်လို့..ရှမ်းသီချင်းလေးတွေနားထောင်နေရရင်..သဘောကျသလိုမျိုးပေါ့....ဒါနဲ့...အဲဒီနေ့က...အကြောင်းကိုပြန်ဆက်ရရင်.....နေ့လည်မှာ...ခါဂျာမုန့်မှာစားပြီးကောဖီသောက်နေတုန်း...ဘေးမှာ...ရှလူးတို့..ဘီနိုတို့လဲပါတယ်....ဒီခွေးလေးတွေက...အမသွားရင်....ဘယ်နေရာမဆိုလိုက်တယ်.....သူတို့နာမည်က..ဆန်းလိုက်တာ...ဘာလို့အဲဒီလိုပေးထားတာလဲလို့မေးမိတော့......အမကရယ်တယ်...ဘီနိုဆိုတာ က..ဘိုနီတဲ့...ရှလူးဆိုတာက..အဲဒီခွေးလေးက..ချီးတွင်းထဲ ခဏခဏပြုတ်ကျတော့....ချီးလူးချီးလူးလို့ခေါ်တာတဲ့...အဲဒါချစ်စနိုး အမြန်ခေါ်ရင်း...ခေါ်ရင်းနဲ့...ရှလူး ရှလူးဆိုပြီးဖြစ်နေတာလေ.....ဒါနဲ့....နောက်မှရယ်ရသေးတယ်...အမရယ်...သမီးတို့..စကားပြောတာ...တနာရီလောက်ရှိပြီလို့....နည်းပညာအကြောင်းလည်းမပါပါလား....ခွေးတွေအကြောင်း...သစ်ပင်တွေအကြောင်းဖြစ်နေပြီလို့...အမကပြောတယ်....ရန်ကုန်အိမ်ရောက်ရင်...ပြောခံရတယ်....နင်က...ခွေးတွေနဲ့ပျော်ပြီးတောမှာမွေ့လျော်နေတယ်ဆိုပြီးတော့တဲ့.......တခါတုန်းကဆို..ရန်ကုန်အိမ်မှာရေချိုးပြီး...အမေတို့ရေက...ချိုးပြီးရင်ယားလာသလိုဘဲဆိုတော့...အမအမေက...ရီပြီး...တောကနေလာပြီးကြီးကျယ်နေတယ်လို့ပြောတယ်တဲ့....ဟုတ်တယ်...စစ်တွေမှာက..ရေမှမကောင်းတာ...ရေမကောင်းဘူးဆိုတာက...တခြားကြောင့်တော့မဟုတ်ဘူး......မီးလာတဲ့အချိန်နည်းလို့...စစ်တွေမြို့မှာ...ရက်တိုင်းရက်တိုင်း....ည ၇ နာရီကနေ....၁၁ နာရီအထိဘဲ...မီးလာတယ်....အရမ်းတော့အချိန်မှန်တယိ...၇နာရီဒေါင်ကနဲဆိုလာတယ်...၁၁နာရီဆိုရင်ပျက်တယ်......တခြားမြို့တွေလိုမှမဟုတ်တာ... ရေတွေနဲ့ ၀ိုင်းရံလျက်ရှိသောမြို့လေးမှာ...တမြို့လုံးကိုမီးပေးနိုင်ဖို့အတွက်......မီးစက်အကြီးကြီးဆောက်ထားရတယ်...အဲဒီမီးစက်ကနေ...တမြို့လုံးကိုမီးပေးတယ်.....အဲဒီမီးလာတဲ့အချိန်မှာဘဲ....ကျောင်းမှာက...ရေတွင်းထဲကရေကို...စုပ်ယူပြီးအုတ်ကန်ထဲကိုထည့်တယ်......လေးနာရီကြာတင်ရတဲ့ရေဟာ...အုတ်ကန်တ၀က်လောက်ဘဲအမြဲရတယ်....ညနေဆို...ပြောင်ပြီ....အုတ်ကန်က...နည်းနည်းလေးဘဲကျန်တဲ့ရေကိုချိုးမလား....အနည်တွေနဲ့လေ......တုံကင်မှာ...တစ်ယောက်တလှည့်....လက်မောင်းညောင်းအောင်နှိပ်ပြီးချိုးမလား.....တခါတလေ...တော့တုံကင်ကိုမသွားချင်လို့....မျက်စိပိတ်...နှာခေါင်းပိတ်.....ပါးစပ်ပိတ်ပြီးလောင်းချိုးလိုက်တယ်တဲ့......ဒီလိုဒေသကလာတဲ့သူက...၇န်ကုန်ကရေကိုမသန့်ဘူးဆိုတော့အမ...အမေကရယ်တာပေါ့...... 
ညနေကျတော့….ကမ်းခြေကို…သွားဖြစ်တယ်….အစက…စီစဉ်ထားသလိုပါဘဲ….. ကမ်းခြေရောက်တော့ ရေတွေကျနေတယ်…. ပြီးတော့…ကမ်းခြေမှာ….ရေခူတွေတွေ့တယ်….ရေခူကြီးတွေက…အကြီးကြီးဘဲ… စားတဲ့ရေခူတွေတော့…မဟုတ်လောက်ဘူးလို့..ပြောမိတော့…အမက..အင်းဟုတ်တယ်…ဒီလိုမျိုးက…စားတဲ့ရေခူတွေမဟုတ်ဘူးတဲ့…ဒီရေခူတွေကို…တရုတ်က…အရမ်းဝယ်တယ်…ဒီရေခူတွေကြောင့်..စစ်တွေတမြို့လုံး…ခေတ်ကောင်းခဲ့တဲ့အချိန်တွေရှိတယ်တဲ့….ပုသိမ်မှာလည်း…ဒီလိုရေခူတွေရှိတယ်…ရေထီးလို့ခေါ်သတဲ့….ဟိုးအနားမှာရှိတဲ့..ရေခူအကြီးကြီးတစ်ကောင်…သူ့ကိုတစ်ယောက်ယောက်က…တုတ်နဲ့အသားတွေကို.. ခွဲချပြီးဆော့သွားပုံရတယ်..ရေခူကို..လက်နဲ့ကိုင်မယ်လုပ်တော့…အမက..လှမ်းအော်တယ်..မထိနဲ့..လန့်ပြီးအနောက်ကိုဆုတ်လိုက်တော့..အမကရယ်တယ်..ဒီရေခူတွေက…စားတဲ့ရေခူတွေမဟုတ်ဘူး….လူအသားနဲ့ထိမိရင်အရမ်းယားတယ်တဲ့…ကမ်းခြေတစ်လျှောက်မှာ..ရေခူတွေအများကြီးဘဲ…..ရေခူနဲ့ထိရင်ယားတယ်ဆိုတဲ့အသိကြောင့် ရေခူတွေကိုရှောင်ပြီးလျှောက်နေမိတယ်….. ဗျူးပွိုင့်ဘက်ကိုတစ်ခါတည်း.. လမ်းလျှောက်မလားလို့မေးမိတော့…အားလုံးက..အုန်းရေအရင်သောက်မယ်လို့..ဆုံးဖြတ်ကျတယ်…
အုန်းရေဆိုင်တွေဘက်ကိုလျှောက်ခဲ့တော့…ဆိုင်က…ကလေးတွေက..အပြေးအလွှားလာခေါ်ကြတယ်…ဘယ်ဆိုင်ရယ်လို့..မဟုတ်ဘဲခြေဦးတည့်ရာဆိုင်တဆိုင်ထဲဝင်ထိုင်လိုက်တယ်….ဆိုင်က..အမကို…ရေခူတွေဒီလိုဘဲတင်နေတာဘဲလားလို့မေးတော့..ဆိုင်က..ဆ်ုင်ရှင်အမက..အုန်းသီးခွဲရင်းရှင်းပြနေတယ်…ရခိုင်လိုပြောပြီးရှင်း ပြနေတာမို့..တချို့ကိုရိပ်ဖမ်းသံဖမ်းနားလည်မိပေမယ့်…တချို့ကိုနားမလည်ဘူးဖြစ်နေတယ်…..အမက… အကုန်နားလည်ပြီး လိုက်ပြောနေတော့…အကုန်နားလည်လို့လားဆိုတော့…ရခိုင်လိုပြောရင်ကောင်းကောင်း နားလည်နေပြီတဲ့….ပြီးမှဆိုင်ရှင်ပြောတာတွေကိုပြန်ပြောပြတယ်….ခုနက…ကောင်လေးတစ်ယောက်..ရေခူကိုသွားကိုင်တာ..လူးလှိမ့်နေရတယ်တဲ့…အရေပြားပေါ်မှာ…အဖုတွေဖြစ်လာတာတဲ့…………
ဟိုးအဝေးကို…လှမ်းကြည့်တော့…မီးပြတိုက်ကို..မြင်နေရတယ်….အဲဒီမီးပြတိုက်က…အခုတော့…
မီးပြတိုက်ဟောင်း ဖြစ်သွားပြီပေါ့…မီးပြတိုက်နားက…လှိုင်းတွေက…အရမ်းကြမ်းမှန်းသိသာနေတယ်..
ပုံမှန်ကမ်းခြေက…လှိုငိးတွေနဲ့မတူဘူး….လှိုင်းတွေ မြောက်တက်သွားတာက..မီးပြတိုက်ကိုတောင်.. ဖုန်းတော့မတတ်ဘဲ…အဝေးက…လှမ်းကြည့်ရင်တောင်ကြောက်စရာကောငိးတဲ့…လှိုင်းတွေ….
ဆိုင်ရှင်က…ဆက်ပြီးပြောနေတယ်….အဲဒီမီးပြတိုက်ကို..သွားလေ့လာတဲ့သူရှိတယ်တဲ့……သူမရဲ့အပြောအရတော့..အဲဒီမီးပြတိုက်ရဲ့အောက်မှာလှေကားရှိသတဲ့…ရေကျသွားတဲ့အချိန်ဆို..အောက်ကို..ဆင်းလို့ရတဲ့.. လှေကားလိုမျိုးပေါ်လာသတဲ့…..အဲဒီလှေကားက…ဘယ်ကိုရောက်တာလဲဆိုတော့..သူလည်းသေချာတော့မပြောနိုင်ဘူး…..ဒါပေမယ့်ရေကျတဲ့အချိန်ပေါ်လာတဲ့…အဲဒီလှေကားကလည်း…ရေညှိတွေနဲ့ချောနေပြီး.. ဆင်းကြည့်ရမှာတောင်..အရမ်းကြောက်စရာကောင်းသတဲ့…..
ဒေသတစ်ခုကိုရောက်သွားပြီး..ကာလကြာလာရင်..သူတို့စကားတွေကိုလည်းတတ်လာမှာပါ……
ဒါပေမယ့်တစ်ခုတော့ရှိတယ်….မိမိရဲ့… “ ချင် “ စိတ်နဲ့လည်းဆိုင်တယ်..
ချင်…စိတ်ဆိုတာ..ဘယ်လိုမျိုးလဲဆိုတော့….သင်ယူချင်စိတ်….လေ့လာချင်စိတ်……တတ်ချင်စိတ်ပေါ့
အမ..ကပြောတယ်…ဒီက..ကလေးတွေက…ရခိုင်သံဝဲ၀ဲလေးတွေနဲ့..စကားပြောတယ်…..မြန်မာဆရာမကပြောတာသူတို့နားမလည်….သူတို့ပြောတာကို…ကိုယ်ကနားမလည်ဖြစ်နေရင်အခက်တဲ့….ကလေးတွေကို..စိတ်ပူတဲ့…..စိတ်နဲ့..မို့လို့ထင်တယ်…အမ..သူတို့စကားကို….ခဏလေးနဲ့….နားလည်သွားတယ်တဲ့…..
အုန်းရေသောက်ပြီး..စကားတပြောပြောနဲ့….ဗျူးပွိုင့်ဘက်ကို…လမ်းလျှောက်လာကြတယ်…..
အမ…ရခိုင်လို…I love you ကိုဘယ်လိုပြောလဲဆိုတော့….အမကရီတယ်..
ဘာလို့မေးတာလဲ…အမလည်းအဲဒါတော့မသိဘူးတဲ့….
ဘာလို့ရယ်မဟုတ်ပါဘူး…ဒီလိုဘဲမေးကြည့်တာ…အခုဆို….အဆောင်မှာ….ဒေသအနှံ့မှာတာဝန်ကျခဲ့တဲ့..သူငယ်ချင်းတွေစုမိနေတယ်လို့ပြောရမှာပေါ့…မရယ်….
အဲဒါ…ကျိုင်းတုံမှာတာဝန်ကျခဲ့တယ်သူတွေဆိုပြောပြတယ်လေ……တချို့…ရှမ်းစကားလေးတွေကိုပေါ့……
I love you ဆို…ဟောင်အပ်ဆူတဲ့….ညီမလေးက…အဲဒါမှတ်မိနေတာ…
တစ်ခါလည်းကျရော…တီဗွီခန်းမှာ…စုပြီးရုပ်ရှင်ကြည့်ကြတယ်…..အဲဒီတုန်းကလာနေတာက…တပ်မတော်နေ့.အထိမ်းအမှတ်ကားတစ်ကားဘဲ…
မင်းသားက..သူထူးစံ…မင်းသမီးက..သက်မွန်မြင့်….
ဇာတ်လမ်းထဲမှာ…သက်မွန်မြင့်က..ရှမ်းလေ…သူထူးစံနဲ့သက်မွန်မြင့်…ကျောင်းတုန်းက..သူငယ်ချင်းဘ၀က နေ..ရည်းစားတွေဖြစ်သွား..ကျောင်းပြီးတော့..သက်မွန်မြင့်က..ရှေ့ဆက်လက်တွဲဖို့..မဖြစ်နိုင်ဘူးလို့ပြောပြီး..ပျောက်ခြင်းမလှပျောက်သွားခဲ့တယ်…သူထူးစံလည်း…တပ်ထဲဝင်သွားတယ်…ဗိုလ်ကြီးဖြစ်သွားတဲ့..သူထူးစံက….ရှမ်းပြည်ဘက်မှာတာဝန်ကျခဲ့တယ်….ဒီအချိန်မှာ..ရှမ်းပြည်နယ်မှာ…ရှမ်းလူမျိုးများ…လွတ်လပ်ရေးဆိုပြီး ကျွေးကျော်နေသူက..သက်မွန်မြင့်ရဲ့…အစ်ကို…ပြေတီဦး….နောက်ဆုံးတော့…အားလုံးအဆင်ပြေသွားတယ်…သူထူးစံက…သက်မွန်မြင့်ကို..စကားပြောတဲ့…အခန်းမှာ….သူမပြောခင်အားလုံးက…ထအော်ကြတယ်…
“ ဟောင်ဟက်ဆူ “
ပြီးတော့..ရယ်လိုက်ကြရတာ……
ပြောမဲ့သာပြောတာ…ကမ်းခြေကနေ…ပွိုင့်ကိုတော်တော်လှမ်းလျှောက်ရတယ်…..လမ်းမှာ..ရွှေငါးအသေလေးတွေ…ကြသေးတယ်….ပြီးတော့….ကြယ်ငါးတွေ….
လမ်းမှာ….မိသားစုတစ်စု…..အဖေလုပ်သူက…ကမ်းခြေပေါ်မှာ…ပိုက်ကိုသွယ်တန်းနေတယ်…..
ပြီးတော့ပိုက်ကွန်ကို..သွယ်တန်းနိုင်ဖို့…ထူထားတဲ့တိုင်ကို..ပိုပြီး…ခိုင်မာအောင်….သဲထဲကို.. ပိုပြီးနစ်ဝင်သွားအောင် တခြားတုတ်တစ်ခုကို..ကိုင်ပြီး..အားနဲ့လွှဲရိုက်နေတယ်……
သူတို့ရဲ့…ပုံကိုကြည့်ရတာ…အိန္ဒိယဘက်က..ဒါမှမဟုတ်…ဘင်္ဂလား ဘက်က..၀င်လာတဲ့သူတွေဖြစ်မယ်….
ကလေးတွေက…သူတို့…အဖေ..အလုပ်လုပ်နေတာကို..ဘေးကနေရပ်ကြည့်နေကြတယ်….
ဗျုးပွိုင့်ကိုရောက်လာပြီ…
လာလာ…ဒီကျောက်ဆောင်တွေပေါ်ကနေ..ဟို..ကုန်းပေါ်ကိုတက်ကြမယ်….
ဒီကျောက်ဆောင်လေးတွေကိုသေချာကြည့်....ခရုလေးတွေကပ်နေတယ်သိလား
အမရဲ့အပြောကြောင့်...နင်းထားတဲ့...ကျောက်ဆောင်တွေကိုသေချာကြည့်မိသွားတယ်.....
ကျောက်ဆောင်တွေမှာလေ.....



ရောက်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံရဲ့ မြို့လေးတွေ...

မြို့လေးတွေအားလုံးကတော့…ချစ်စရာကောင်းကြတယ်…..အဲဒီဒေသတွေမှာ..မဖွံ့ဖြိုးသေးတာ..နည်းပညာနောက်ကျနေတာတွေလည်း…ရှိတာပေါ့…. ဒါပေမယ့်..မြို့ပြမှာ.. ရှားပါးနေပြီဖြစ်တဲ့ ရွှေထက်တန်ဖိုးရှိတဲ့…သစ်ပင်တွေရယ်…. ရိုးသားပျူငှာတဲ့..ဓလေ့စရိုက်တွေရယ်…ဘာနဲ့မှ..မလဲနိုင်ဘူး… 

ကလေး 

ဆယ်တန်းစာမေးပွဲပြီးတော့…study guide တွေလုပ်ဖြစ်တယ်….သူတို့တွေလည်း စာမေးပွဲပြီးသွားလို့နားနေတုန်း မေမေ ကပြောတယ်… 
ဒေသန္တရ..ဗဟုသုတလည်းရအောင်..ပတ်ဝန်းကျင်အပြောင်းအလဲလည်းဖြစ်အောင်… လေးလေးရှိတဲ့…ကလေးမြို့ကိုသွားလည်ချည်တဲ့…… 
အခုသာ..တစ်ယောက်တည်း…ခရီးတွေသွားတာများလို့…ရိုးသွားတာ…2000 တုန်းကတော့..တခါမှ..တယောက်တည်း ခရီးမသွားဖူးတော့…ကြောက်တာပေါ့နော်…. 
တကယ်တမ်းကျတော့ ဘာမှလည်းကြောက်စရာ မလိုပါဘူး……. မေမေက..လေယာဉ်ကွင်းကိုလိုက်ပို့တယ်…လေယာဉ်က…transit လေ… 
မန္တလေးမှာနားတယ်…..နားနေတာအကြာကြီးဘဲ……အန်တီလေးက…transit မှန်းမသိလို့တော်တော်စောစော တည်းက…ကလေးလေယာဉ်ကွင်းမှာ.. စောင့်နေတာ…..အကြာကြီးစောင့်လိုက်ရတယ်… 
ရောက်ရောက်ချင်း ရီလိုက်ရတာ…..မနက်အစောကြီး အိပ်ချင်မူးတူးလာလိုက်တာ.. ကလေးရောက်မှသိတယ်….စီးလာတဲ့…ကတ္တီပါ.ဖိနပ်က….ဘယ်တဖက်..ညာတဖက်…တဖက်က..အဟောင်းကြီး….. 
ရောက်ရောက်ချင်းဘဲ...အန်တီလေးကပြောတယ်...ဒီနေ့ ညီမလေးမွေးနေ့မို့...တပ်ထဲမှာ...ကလေးတွေ အားလုံးကို ကြက်သားဆန်ပြုတ်..တိုက်မှာတဲ့.... 
ဆန်ပြုတ်ကို...အိုးအကြီးကြီးနဲ့ပြုတ်ထားတယ်.....ဆန်ပြုတ်ရပြီလို့...အော်လိုက်တော့...ကလေးတွေအများကြီးဘဲ..ပန်းကန်လေးတွေကိုင်ပြီးရောက်လာတယ်..... 
တချို့ကလေးတွေက...လူလည်လေးတွေနော်.... 
ဆန်ပြုတ်ထည့်ပေးပြီးတာနဲ့....လှစ်ကနဲ...အိမ်ကိုပြန်ပြေးပြီး နောက်တခါ..ပန်းကန်လေးတွေ ကိုင်ပြီးပြန်ရောက်လာကြတယ်... 
ဟိုဘက်နားက...ပန်ကန်ဆေးတဲ့..နေရာမှာ..အန်တီကြီးတယောက်က..ပဲပင်ပေါက်..တွေကိုရေဆေးနေတယ်...နောက်တယောက်ကတော့...သံပုရာသီးစိတ်တွေကိုလှီးနေတယ်....ပြီးတော့...အရိပ်ရတဲ့..အပင်အကြီးကြီးတပင်အောက်မှာ...ပြီးရင်လူကြီးတွေစားဖို့....ဆိုပြီး..လေးထောင့်စားပွဲလေးတလုံးကိုကျကျနန ခင်းထားတယ်...အဲဒီစားပွဲပေါ်မှာ.. ဆန်ပြူတ်ပန်းကန်တွေချထားတယ်.....အလယ်မှာလည်းလိုက်ပွဲပန်းကန်တလုံးပါတယ်.... 
ကျွန်မလည်း စိတ်ထဲကနေပြီးတွေးလိုက်တယ်....အန်တီလေးတို့ က...ဆန်ပြုတ်တွေရယ်.... 
ပဲပင်ပေါက်နဲ့ သံပုရာသီးတွေ..ငရုတ်သီးစိမ်းတွေနဲ့ ဆိုတော့ ဆန်ပြုတ်ရယ်..ပြီးတော့..အသုတ်တခုခုလည်းသုတ်စား ကြမယ်လို့…ထင်လိုက်တာ…. 
ကလေးတွေအလှည့် ပြီးသွားတော့…လူကြီးတွေအလှည့်ရောက်လာတယ်…. 
ရာသီဥတုကလည်း…အေးစိမ့်စိမ့် လေးနဲ့….နဂို…ရာသီဥတုက လည်း ရန်ကုန်ထက်အေးတယ်…ပြီးတော့…သစ်ပင်အောက်မှာ.မို့ထင်တယ်…. 
အယ်……ခုနက …အသုတ်သုတ်မယ်လို့ ထင်ထားတဲ့…..ပဲပင်ပေါက်တွေက.. အသုတ်သုတ်ဖို့လည်း…မဟုတ်ပါလား……. 
ကြက်သားဆန်ပြုတ်ထဲကို….ပဲပင်ပေါက်စိမ်းတွေထည့်..ပြီးတော့ ခေါက်ဆွဲဖတ်ကိုကြော်ထားတဲ့..ပုံစံမျိုးတွေလည်းထည့်တယ်…..နောက်ဆုံး ငရုတ်သီးအကျက်မှုန့်ကို ဖြူးပြီး..သံပုရာသီးနိုင်နိုင် ညှစ်ပြီးသောက်နေကြတယ်…. 
အန်တီလေးက သူ့ဘေးနားက အန်တီကြီးကိုလှမ်းပြောလိုက်တယ်…သူ့ကိုလည်း ပဲပင်ပေါက်များများတဲ့…. 
အန်တီတယောက်ကပြောတယ်…သမီး ရော ပဲပင်ပေါက်ထည့်မလားတဲ့……. 
ဟင့်အင်း….သမီး အဲဒီလို မစားတတ်ဘူး…ဒီအတိုင်းဘဲစားမယ်ဆိုတော့.. အန်တီလေးကလှည့်ပြောတယ်…. 
သမီး ဒီရောက်တုန်း…ဒီဒေသက စားသလို စားကြည့်ပါလား…….ခေါက်ဆွဲဖတ်ခြောက်ကို.. ကြော်ထားသလို မျိုးလေးတွေက..ရန်ကုန်မှ..အုန်းနို့ခေါက်ဆွဲထဲကိုထည့်တဲ့.. မုန့်ကြွပ်ကြော်လိုမျိုးထည့်တာတဲ့….. 
အဲဒါ ကို…တာဟန်းဆန်ပြုတ်လို့ခေါ်သတဲ့………. 
နောက်ဆုံးကြတော့လည်း....ပဲပင်ပေါက်တွေနဲ့တမျိုးကြီးဘဲ ဆိုတဲ့ တာဟန်းဆန်ပြုတ်ကို သောက်ချင်လို့....တာဟန်းမြို့ထိတောင်ရောက်သွားခဲ့ရတယ်....အတန်းထဲက ကလေးကသူငယ်ချင်းတယောက်ပြောတော့ တာဟန်းဈေး က အခုတော့ မီးလောင်လို့...အသစ်ပြန်ဆောက်နေရတယ်တဲ့.....2000 ခုနှစ်တုန်းက တာဟန်းဈေးကတော့ ဈေးရဲ့ နေရာတော်တော်များများ မှာ...ဆန်ပြုတ်ဆိုင်တွေရှိတယ်...ဆန်ပြူတ်ကို ကြက်သား...၀က်သားတို့နဲ့..စားလို့ရတယ်.... 
ကလေးမြို့ အကြောင်းပြန်တွေးရရင်...အိမ်ရှေ့ က ခုံတန်းလေးတွေကိုလည်း သတိရတယ်..ပြီးတော့ ခွေးလေးတွေ...ဘိုဖြူ..မယ်ကျော့...ဟယ်လင်...ဂျက်ကီ.....အခုတော. သူတို့လေးကောင်လုံး မရှိတော့ဘူး.. 
ဘိုဖြူနဲ့ မယ်ကျော့ က ကလေးမှာထဲက..ဆုံးသွားတာ...ဟယ်လင်နဲ့ ဂျက်ကီက..လေးလေး မိုးမိတ်ကို ပြောင်းရတော့...ပါသွားသေးတယ်...မိုးမိတ်မှာ...ဟယ်လင်ဆုံးသွားတယ်...ဂျက်ကီလေးကတော့...လွန်ခဲ့တဲ့..သုံးနှစ်ကျော်လောက်ကမှ...တပ်မတော်ဆေးတက္ကသိုလ်ထဲမှာဆုံးသွားတာ.... 
အိမ်မှာတော့ ဂျက်ကီလေးကို တမူးမြို့ ကနေ အလည်လွန်လာတဲ့ ခွေးလေးလို့ခေါ်ကြတယ်...... 
တကယ်တော့ အစတုန်းက အိမ်မှာ ဟယ်လင်တကောင်ဘဲရှိတယ်....ကလေးကိုရောက်ခါစမှာ...တမူးဘက်က အသိတစ်ယောက်က လက်ဆောင်ပေးတာတဲ့....ခွေးလေးက တကောင်လုံးဖြူဆွတ်နေတာဘဲ..ခြေထောက်တွေ...လက်တွေမှာ...အမွှေးမရှိဘူး..တကိုယ်လုံးမှာ အမွှေးတွေက ရှညိပြီး..သိပ်တော့ မနူးညံှု့ဘူး...အဲဒါမို့လို့..သိပ်လည်းမရှုတ်ဘူး....နားရွက်လေးတွေက..၀ံပုလွေနားရွက်လေးတွေလိုဘဲ...ထောင်နေကြတယ်.....တနေ့ကြတော့ ဟယ်လင်မလေးပျောက်သွားတယ်...တပ်ထဲမှာလည်း လိုက်ရှာကြတာ...မတွေ့ဘူး....အဲဒါနဲ့..ပျောက်သွားတယ်ဆိုတဲ့ အကြောင်းကိုတော့..သတင်းလွှင့်ထားတာပေါ့..အိမ်က ...ညီမလေးတွေက..ငိုနေကြတယ်..သူတို့ခွေးလေး..သတ်စားခံရတယ်ဆိုပြီးတော့...အရမ်းအေးတဲ့...တောင်ပေါ်ဒေသတွေမှာ...doggy သားက ဆေးဖြစ်သတဲ့လေ...အရမ်းပူတဲ့...အပူစာမို့လို့...ရင်ကျပ်သမားတွေအတွက်လည်းကောင်းသတဲ့....တနေ့ကြတော့....တပ်ထဲက..ဆရာကြီးတယေက်အိမ်ကိုရောက်လာတယ်..." အဘ..အိမ်ကခွေးလေးပြန်တွေ့ပြီတဲ့ "...ခွေးလေးက ရုတ်တရက်ကြည့်လိုက်ရင် ဟယ်လင်မှဟယ်လင်ဘဲ....ဒါပေမယ့် အထီးလေးဖြစ်နေတယ်....ဘယ်လိုဖြစ်တာလဲဆိုတော့...အဲဒီလူက...ခွေးပျောက်တဲ့ သီတင်းကိုလည်းကြားထားတယ်ပေါ့...သေချာမဟုတ်ပေမယ့်...မြင်လည်းမြင်ဘူးထားတယ်...တနေ့မှာ....ခ၇ီးသွားရင်း..တမူးက ဆိုင်တဆိုင်မှာထမင်းဝင်စားတယ်....အဲဒီမှာတင်သူခွေးလေးတကောင်ကို သွားတွေ့တယ်....ပုံစံတူခွေးလေး....ဒါကျုပ်တို့ဆီကခွေးလို့ပြောတော့...ဆိုင်၇ှင်ကတော့ငြင်းရှာသား...မဟုတ်ပါဘူး..သူမွေးထားတာကြာပါပြီပေါ့လေ..အဲဒါကို...အဲဒီလူက...အတင်းမဟုတ်ပါဘူး...သေချာပါတယ်...ခင်ဗျားတို့ ခိုးလာတာမဟုတ်လားဘာလား...လုပ်တော့တာပေါ့လေ.....ဆိုင်ရှင်ကလည်း စိတ်ညစ်ညစ်နဲ့...ဆရာလိုချင်ယူသွားဗျာလို့ပြောသတဲ့...အိမ်ရောက်တော့မှ....ဟယ်လင်မဟုတ်ဘူးဆိုတာသိတယ်....အိမ်ကလူတွေက..ပြန်သွားပေးဖို့ပြောတယ်....ဟိုညီမနှစ်ယေက်ကတော့..လိုချင်နေတာပေါ့....ဒါပေမယ်. ကိုယ့်ခွေးလေးကို...အဲဒီလိုသူများယူသွားလည်း...ခံစားရမှာဘဲလေ....... 
ဖြစ်ချင်တော့...နောက်နေ့မှာ...တပ်ရင်းတရင်းလုံး ခမ်းပါတ်မြို့ကို...ရှေ့တန်းထွက်သွားရတယ်...ဂျက်ကီလေးကိုပြန်သွားပေးမယ့်သူမရှိတော့ဘူး....အလည်လွန်နေတဲ့...ဟယ်လင်လေးလည်း တနေ့မှာပြန်ရောက်လာခဲ့တယ်...... 
ဒီလိုနဲ့...အိမ်မှာ...ခွေးစုံတွဲလေးရှိလာခဲ့တယ်..... 
သိပ်ကိုတုံးတဲ့..ငါက အရင်တုန်းက မသိခဲ့ဘူး...ကလေးက..စစ်ကိုင်းတိုင်းထဲမှာ..ပါတယ်ဆိုတာကိုလေ..စိတ်ထဲမှာထင်နေခဲ့တာက...ကလေးဆိုတာ ချင်းပြည်နယ်ရဲ့..မြို့လေးတမြို့ပေါ....တကယ်ကြတော့..ကလေးက စစ်ကိုင်းတိုင်းနဲ့..ချင်းပြည်နယ်ရဲ့ ကြားထဲမှာရှိတယ်...တနေ့မှာ...တမူးမြို့ကိုသွားလည်ကြတယ်.... 
တမူးမှာအဲဒီအချိန်တုန်းက....နာမည်ကြီးတဲ့ စားသောက်ဆိုင်တဆိုင်ရှိတယ်..ရေပေါ်စားသောက်ဆိုင်တဲ့...သေချာမမှတ်မိတော့ပေမယ့်...ရေကန်အကြီးကြီးတစ်ခုရဲ့..အလယ်မှာ..ဆိုင်ကိုဆောက်ထားတယ်...ဆိုင်ကိုသွားရင် ကန်ကိုဖြတ်ဆောက်ထားတဲ့..တံတားလေးကနေ သွားရတယ်... 
တကယ်တော့..တမူးက..ကလေးထက်ပိုပြီးနယ်စပ်ကျသွားမယ်ထင်တယ်...ဒါပေမယ့်...ပိုပြီးတော့စည်တယ်လို့ပြောရမယ်....ကလေးမှာက...လေးလေးတို့တပ်က..ဈေးနဲ့..အရမ်းဝေးတာရယ်..မြို့ရဲ့..သဘာဝကိုက...အသားငါးရှားတယ်...ရန်ကုန်မှာ...ပဲပြုတ်သည်တွေမနက်အစောကြီး...ပဲပြုတ်တောင်းခေါင်းပေါ်ရွက်ပြီးရောင်းကြသလိုဘဲ..ဒီမှာလည်း အသားတွေ...အမဲသားတို့ ၀က်သားတို့ကို အစောကြီး ခေါင်းမှာ ဗန်းလေးနဲ့ရွက်ပြီး လာရောင်းတာရှိတယ်... 
ပျော်စရာကောင်းတာ တစ်ခုက..တစ်ခါတလေ...ပုစွန်ထုပ်တွေအရမ်းပေါတယ်...အဲဒီအချိန်ဆို..လာရောင်းတဲ့အသည်ဆီကနေ ၀ယ်...မီးသွေးမီးဖိုပြီး...ဒီတိုင်းကင်စားကြတယ်... 
တမူးကြတော့ အဲဒီလိုမဟုတ်ဘူး...လိုတာအကုန်ရတဲ့မြို့လေး...ညဘက်ဆို မီးရောင်တွေ...သီချင်းသံတွေနဲ့..စည်ကားတဲ့မြို့လေး.... 
တကယ်တော့...လေလေးက..တမူးကိုရှေ့တန်းသွားရတာ..အရင်တုန်းကသိခဲ့တာက..ရုပ်ရှင်တွေထဲမှာ ပါသလိုမျိုး..ရှေ့တန်းဆိုရင်..ပစ်နေခတ်နေတဲ့..နေရာလို့ထင်နေတာ...အဲဒီလိုမျိုးလည်းအမြဲမဟုတ်တော့...တော်သေးတာပေါ့နော်...တမူးက...ငြိမ်းချမ်းတဲ့မြို့လေးဆိုတော့..ရှေ့တန်းစခန်းဖြစ်တဲ့...တမူးမှာပိုပျော်နေကြတယ်...အစတုန်းက...ရှေ့တန်းထွက်တဲ့မြို့ကို လိုက်လည်မယ်လို့.အန်တီလေးကြေ့ပာတော့ကြောက်နေကြတာ...နောက်တော့အရမ်းပျော်သွားကြတယ်.... 
တစ်နေ့မှာ အိမ်ကို ဦးလေးကြီးနှစ်ယောက်လာလည်တယ်...တစ်ယောက်က...ဦးညိုဝင်းတဲ့...မြေတိုင်းဦးစီးက အရာရှိတဲ့..နောက်တယောက်က..တခြားတပ်တတပ်က..ဗိုလ်မှူးတယောက်...လေးလေးတို့ သုံးယောက်က..အဲဒီနယ်စပ်မြို့မှာ..အားလုံးအိမ်နဲ့ခွဲပြီးနေနေရတဲ့..အချိန်မှာ...အရမ်းစည်းစည်းလုံးလုံးနေကြတယ်....
ဦးညိုဝင်းက...တမူးကိုရောက်တာတော်တော်ကြာနေပြီတဲ့...နောက်မှ လေးလေးကို မေးကြည့်ရတယ်..ဒီလိုနယ်စပ်မြို့တွေမှာ..မြေတိုင်းဦးစီးဌာနဟာအလွန်အရေးကြီးတယ်...မြန်မာတွေကသာ..ဒီအတိုင်းနေတာ....အိန္ဒိယဘက်က..ခြံစည်းရိုးကို..ပုံမှန်ဒီဘက်ကို တိုးတယ်...တနေ့ နည်းနည်းနဲ့ မသိမသာပေါ့...မြေတိုင်းဌာနက လူတွေက..အမြဲ..တိုင်းတာပြီး...နေရတယ်..နယ်စပ်မှာရှိတဲ့ပြသနာတွေမှာ ဒါလည်းတခုပါသတဲ့.... 
ဒါက ငါ့အတွက်တော့..တန်ဖိုးရှိတဲ့..ဗဟုသုတ...တစ်ခုပါဘဲ..... 
လွန်ခဲ့တဲ့...နှစ်နှစ်ကတော့..ဦးညိုဝင်း..ငှက်ဖျားရောဂါနဲ့...ဆုံးသွားခဲ့တယ်... 
ကလေးရောက်စက...လေးလေး ငှက်ဖျားရောဂါကာကွယ်ဆေးတွေကြိုတိုက်ခဲ့တယ်...ကြိုတင်ကာကွယ်ရမယ်တဲ့..ဒေသခံမဟုတ်တဲ့...၀န်ထမ်းတွေအတွက်ကြိဲုပြီးကာကွယ်ဖို့...တကယ်ကိုလိုအပ်ပါတယ်.... 
ငှက်ဖျားရှိတဲ့ အရပ်မှာကျီးကန်း မရှိဘူးတဲ့........အဲဒီတုန်းကရတဲ့...ဗဟုသုတလေးပါ...အခုတော့တာဝန်တွေနဲ့...နယ်တွေကို သွားရတဲ့အခါတိုင်း....ကျီးကန်းတွေကိုမြင်ရင်...ဘာရယ်မဟုတ်ပေမယ့်...စိတ်သက်သာမိတယ်.....